- Web Master
- ၀၈ ဧပြီ ၂၀၂၄
ရုရှားနိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေး လူနာ-၂၅ (Lunar-25) အာကာသယာဉ်အား ဩဂုတ်လ(၁၁)ရက်နေ့က အာကာသထဲသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်ဟု သိရှိရသည်။
ရုရှားအရှေ့ဖျားဒေသ Amur ရှိ ဒုံးပစ်စခန်းမှ သောကြာနေ့က လွှတ်တင်လိုက်သော လကမ္ဘာ စူးစမ်းလေ့လာရေး လူနာ-၂၅ (Lunar-25)ယာဉ်ပေါ်မှ ပေးပို့သည့် အချက်အလက်များကို ကောင်းစွာလက်ခံရရှိခဲ့သည်ဟု ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် က ပြောကြားသည်။
“ လူနာ-၂၅ အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ကမ္ဘာမြေပေါ်ကနေ ထွက်ခွါနေပါပြီ။ ယာဉ်ပေါ်မှာပါတဲ့ အလိုအလျောက် စက်ကိရိယာအားလုံး ပုံမှန်အလုပ်လုပ်နေပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ စွမ်းအင်အခြေအနေအားလုံး ကောင်းပါတယ်” ဟု ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် က တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် နှစ်ပေါင်း ၄၇ နှစ်အတွင်း ပထမဦးဆုံးအကြိမ် လကမ္ဘာလေ့လာရေးအာကာသယာဉ်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး လူနာ-၂၅ အာကာသယာဉ်သည် ရေနှင့် ရေခဲရှိနိုင်သည်ဟု ယူဆရသော လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ ဆင်းသက်မည်ဟု သိရှိရသည်။
“ အာကာသယာဉ်က ပေးပို့လိုက်တဲ့ လကမ္ဘာခရီးစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မြေပြင်စခန်းက သိပ္ပံပညာရှင်တွေ ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်” ဟု ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ်က ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်ကလည်း အိန္ဒိယနိုင်ငံသည် လကမ္ဘာစူးစမ်းရေးအာကာသယာဉ် ချန်ဒရာယန်း-၃ ကို ပစ်လွှတ်ခဲ့ပြီး လကမ္ဘာသို့ ခရီးနှင်လျှက်ရှိသည်။
အိန္ဒိယက လွှတ်တင်သည့် အာကာသယာဉ်သည် ဩဂုတ် ၂၃ ရက်တွင် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းသို့ ဆင်းသက်မည်ဟုဆိုသည်။
ရုရှားနိုင်ငံက ယခုလွှတ်တင်လိုက်သည့် လူနာ-၂၅အာကာသယာဉ်ကလည်း ဩဂုတ်လ၂၁ ရက်တွင် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ ဆင်းသက်ရန် စီစဉ်ထားသည်။ အာကာသနည်းပညာတွင် ပိုမိုသာလွန်သည့် ရုရှားက အိန္ဒိယထက် စော၍ လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ ဆင်းသက်နိုင်မည်ဟု ဆိုသည်။
NN-27
ref: Reuters