တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လူနည်းစု ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသော အစွန်းရောက်များသတ်ဖြတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်တွင် လူနည်းစု ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီ လက်နက် တပ်ဆင်ပေးထားသော မွတ်ဆလင် အစွန်းရောက် လက်နက်ကိုင်များမှ သတ်ဖြတ်သွားကြောင်း အာရက္ခတပ်တော် (AA) မှ ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းတို့  ၇ ဦးသည် ၎င်းတို့နေထိုင်ရာ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် တောတောင်ထဲသို့ မျှစ်သွားချိုးရန် ထွက်သွားကြပြီးနောက် သတ်ဖြတ်ခံခဲ့ကြရခြင်းဖြစ်သည်ဟု​ သိရှိရပါသည်။

၎င်းတို့ ၇ ဦးအထဲမှ လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

နောက်ထပ်  အခြားသော (၄) ယောက် ဖြစ်ကြသည့်  ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်ဟု ဖော်ပြထားပါသည်။

အာရက္ခတပ်တော် သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ချက် အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။



-------------- 

ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး (၇) ဦးတို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားကြသည်။

အဆိုပါ (၇) ယောက်အုပ်စုသည် (၂၄) နာရီ (သို့မဟုတ်) တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များအသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား သတင်းပို့လာသဖြင့် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများစုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြပါသည်။

ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။

ထို့အတူ အခြားသော (၄) ယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော ၎င်းအပြစ်မဲ့ပြည်သူ ခမီလူမျိုး (၇) ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

၎င်းပြည်သူ (၇) ဦး၏ ရုပ်အလောင်းများအား မိမိတို့ အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့် ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက်ပေးအပ်ခဲ့ပါသည်။

ဤကဲ့သို့ အကြမ်းဖက်ခံရ၍ သေဆုံးသွားခဲ့ရသော ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ မိသားစုများနှင့်ထပ်တူ မိမိတို့မှ ဝမ်းနည်းရပါသည်။

ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက် သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများ သွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင် အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန်သတိပေးလိုက်ပါသည်။

ဤအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေ ဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်သည်။

ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ဆက်စပ် သတင်းများ