- Web Master
- ၂၃ မေ ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၃ဝ / ၂ဝ၂ဝ
မီးဘေးဒဏ်ကို မကြာခဏခံနေရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တွင် ၂ဝ၂ဝ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုတစ်ခု ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး နေအိမ် နှစ်လုံး မီးထဲပါသွားကြောင်း သတင်းရရှိသည်။
၎င်းမီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၇ နာရီ မိနစ် ၄ဝ ခန့်က မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာတွင် လောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“နေအိမ် နှစ်ဆောင် မီးလောင်သွားတယ်။ အဲဒီ နှစ်အိမ်ဟာ အဖေဖြစ်သူနဲ့ သမီးဖြစ်သူ အိမ်ဖြစ်ပါတယ်။ သူ့အဖေ အိမ်က စလောင်တာပါ။ ထမင်းချက်ပြီး မီးကို ရေလောင်းပြီး ထားခဲ့တယ်။ ပြီးရင် သူတို့လည်း အိပ်နေကြပြီပေါ့နော်။ အဲဒီအချိန်မှာ မီးဖိုမှာ ရေလောင်းပြီး ထားခဲ့တဲ့ မီးတွေထဲက မီးကြွင်းမီးကျန်တွေ ကျန်ခဲ့တာက စဖြစ်တာပါ။ မီးသတ်ကလည်း ၈ နာရီလောက်က ရောက်ပါတယ်။ အားလုံး ဝိုင်းငြိမ်းတော့ ည ၈ နာရီခွဲလောက်မှာ ငြိမ်းသွားပါတယ်”ဟု ကျားရဲပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမောင်သန်းက နိရဥ္စရာသို့ ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်မှ ပိုင်ရှင်များမှာ ကျားရဲပြင်ကျေးရွာနေ ဦးဦးထွန်းစိန် နှင့် ဒေါ်မကျော့တို့၏ နေအိမ်နှင့် သမီးဖြစ်သူ ဒေါ်မယဉ်ဖြူ၏ နေအိမ်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ် ၂ လုံးမှ ပြာကျသည်အထိ လောင်ကျွမ်းသွားပြီး ၄င်းနေအိမ်များမှာ ဓနိမိုး၊ ဓနိကာတို့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပထမဆုံး စလောင်တဲ့ အိမ်မှာက အဘိုးနဲ့ အဘွားပဲ နေကြတာပါ။ အသက်က ၇ဝ ကျော်နေကြပါပြီ။ အဲဒီအဘိုးအိမ်ကမှ တစ်ဆင့် နောက်တစ်အိမ်ကို လောင်ကျွမ်းတာပါ။ သူတို့ နှစ်အိမ်လုံးက ခြံဝင်းတစ်ခုတည်းမှာ အတူတည်ဆောက်ထားတာပေါ့နော်” ဟု မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းက နိရဥ္စရာသို့ ပြောသည်။
မီးလောင်မှုကြောင့် ဆုံးရှူံးမှုတန်ဖိုး ၅၄ဝဝဝ ခန့်ရှိပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။
ယခု မီးလောင်မှုဖြစ်ပွားသည်မှာ မင်းပြားမြို့နယ်အတွင်း ၂ဝ၂ဝ ခုနှစ်တွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်ကလည်း မင်းပြားမြို့နယ်၌ မီးလောင်မှုဖြစ်စဉ် ၆ ကြိမ် ခန့်ရှိခဲ့ကြောင်း ဦးကျော်လင်းက ပြောသည်။
----------------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၃ဝ / ၂ဝ၂ဝ