- Web Master
- ၂၃ မေ ၂၀၂၄
အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အောက်နန်းချောင်းကျေးရွာတွင် ယနေ့ မွန်းတည့်အချိန်က မီးလောင်မှုဖြစ်၍ နေအိမ် ၄ လုံးပြာကျသွားခဲ့ပြီး နောက်ထပ် နေအိမ် ၄ လုံးကိုလည်း ဖြိုဖျက်လိုက်ရသည်ဟု သိရသည်။
အဆိုပါကျေးရွာရှိ ဒေါ်ခင်အေး၏ နေအိမ်တွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်က ဝါယာကြိုးမှတဆင့် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့မီးလောင်မှုကြောင့် ဒေါ်ခင်အေး၏နေအိမ်အပါအဝင် အနီးအနားရှိ ဦးနိုင်လင်း၊ ဒေါ်သန်းမြင့်နှင့် ဦးဇော်မိုးတို့ နေအိမ် ၄ လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု အောက်နန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက နိရဥ္စရာကိုပြောသည်။
ယင်းဖြစ်စဉ်အတွင်း မီးကူးစက်မှုမရှိစေရန်အတွက် အနီးအနားရှိ ဦးစိုးနိုင်၊ ဦးမောင်တင်ထွေး၊ ဒေါ်မတင်နှင့် ဦးရာမိုးတို့ နေအိမ် ၄ လုံးကိုလည်း ဖျက်ပစ်ခဲ့ရသည်ဟုလည်း ဆိုသည်။
“အကုန်လောင်သွားတာ။ မီးအားပြင်းတော့ ဘေးနားက အိမ်တွေကို ဖြိုချလိုက်ရတယ်။ ဘာတစ်ခုမှမရလိုက်ဘူး။ အကုန်မီးကူငြိှမ်းနေကြတော့ မသိမ်းဆည်းလိုက်ကြရဘူး။ ဒီညအိပ်ဖို့ကို ယာယီတဲဆောက်ပေးပြီး စားရေးသောက်ရေးအတွက် လုပ်ပေးနေရတယ်။ မီးဘေးသင့်ထဲမှာ ကျောင်းသားလေးတွေလည်း ပါမယ်ထင်တယ်” ဟုပြောသည်။
ယင်းသို့မီးလောင်မှုကြောင့် မိသားစု(၈)စုမှ လူ ၃၄ ဦးခန့် မီးဘေးသင့်ခဲ့ရပြီး လက်ရှိတွင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဦးအောင်မင်းက ဆက်ပြောသည်။
အဆိုပါမီးကို ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမီးငြိှမ်းသတ်မှုကြောင့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်အိမ်ပိုင်ရှင်ကို မီးပေါ့ဆစွာသုံးစွဲမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူရန်ဆောင်ရွက်နေသည်ဟုလည်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဓာတ်ပုံ - ဇွဲထက်မာန် (သံတွဲ)/ နိရ ဉ္စရာ