သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်တွေမြို့ အခြေစိုက်တပ်ရင်းက အဆက်မပြတ်လက်နက်ကြီးများပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

“လက်နက်ကြီး အသံများကြောင့် စစ်တွေလူထုအတွင်း အထိတ်တလန့်ဖြစ်ကြရ”  

ရခိုင်ပြည်နယ်မြို့တော် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုက ပေါက်တောမြို့ဘက်ကို လက်နက်ကြီးများဖြင့် လှမ်းပစ်နေသဖြင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေသည်ဟု ဒေသခံများက  နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

၎င်းပစ်ခတ်မှုကို ယနေ့နိုဝင်ဘာ ၂၁ ရက် ညနေ  ၃နာရီခန့်က စတင်ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

 

" ဒုတိယတစ်လုံးက ပိုပြင်းတယ်။ အိမ်တွေတောင်တုန်ခါသွားပါတယ်။ လမ်းမှာရှိတဲ့လူတွေဆိုရင် ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ အခုထိ သူတို့က ပစ်နေတယ်။ ပေါက်တောဘက်ကို ပစ်တယ်လို့ ပြောတယ်။ အသံတွေကအရမ်းကျယ်တော့ တစ်မြို့လုံး ထိတ်လန့်သွားကြတယ်"ဟုပြောသည်။

 

ယင်းသို့ကျယ်လောင်သည့် လက်နက်သံထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်တကြီးဖြင့် အိမ်ကို ပြေးလာရသည်ဟု စစ်တွေမြို့နယ် ကျေးတောရွာမ ကျေးရွာမှ အမျိုး သမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

 

 " ဗျိုင်းဖြူရွာနားနဲ့ ရွှေမင်းဂံဘက်က အသံတော်တော်ကျယ်ကျယ်ကြားရတယ်။ ဈေးရောင်းနေတာ ဆိုင်ပိတ်ပြီး အိမ်ပြေးလာရတယ်။ ရင်တွေအရမ်းတုန်သွားတယ်" ဟုပြောသည်။

 

၎င်းလက်နက်ကြီး ပစ်ခတ်မှုကို အမှတ် ၁၂ ရဲတပ်ရင်းနောက်ဘက် ကန်​တော်ကြီး မြောက်ဘက်ရှိ  စစ်ကောင်စီ တပ်ရင်းက ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည် ။(NN-8/11)


ဆက်စပ် သတင်းများ