- Web Master
- ၀၉ အောက်တိုဘာ ၂၀၂၄
(စစ်ကောင်စီတပ်သား တစ်ယောက်မကျန် လက်နက်ချအညံ့ခံ)
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမ တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို ရက္ခိုင့်တပ်တော် (AA)က အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဖြစ်ကာ စစ်သားများ တစ်ယောက်မကျန် လက်နက်ချ အညံ့ခံလိုက်ပြီဟု သိရသည်။
ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၆ ရက် သတင်းထုတ်ပြန်ရာတွင် “၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ ညနေ (၉) နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်ပါကြောင်း” ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍
နောက်ဆက်တွဲ သတင်းများကို ဇန်နဝါရီ ၇ ရက်၌ ဆက်လက် တင်ပေးသွားပါမည်ဟု ဖော်ပြသည်။
တစ်ဆက်တည်းတွင်
ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့်
မိမိတို့၏စေတနာကို နားလည်ပြီး စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန်
ထပ်မံသတိပေးလိုက်ကြောင်း ဖော်ပြထားသည်။
၎င်းပြင် စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ (၉)” ၊ “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်ဝ-ကျောက်တော်အစပ်ရှိ “မီးဝဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယနေ့ ဇန်နဝါရီ ၆ ရက် တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်း များမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်တောမြို့တွင်
စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့်
အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာ
ဇန်နဝါရီ ၆ ရက် တစ်နေ့လုံး
ဆက်လက်ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။
တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် မိမိတို့သတ်မှတ်ထားသော
ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက်
ဆက်လက်ကြိုးပမ်းနေရင်း စစ်ဆင်ရေးကြီး (၇၂) ရက်မြောက်ကို အကောင်းဆုံးအနေအထားဖြင့်
ဖြတ်သန်းလျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။
(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့၏ “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများမှ ကောက်နှုတ်ဖော်ပြသည်။)