တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master (NN 07,NN 23)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်နှင့်အနီးတဝိုက် ကျေးရွာများသို့စစ်ကောင်စီတပ် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်နှင့် နေဗီက ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်စထိမှန်၍ အရပ်သား တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

သေဆုံးသွားသူမှာ လောင်းချောင်းရပ်ကွက်မှ ကိုမောင်ဇိတ်ဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိသွားသူမှာ  ညောင်ပင်လှကျေးရွာမှ ဦးစိန်ရွှေဦး ဖြစ်ကြောင်း မြို့ခံများကပြောသည်။

 

လောင်းချောင်းရပ်ကွက်မှ ကိုမောင်ဇိတ်မှာ ယနေ့မနက်ပိုင်းက AA နှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီး
နောက်ပိုင်း မွန်းလွဲ ၁၂ နာရီခွဲအချိန်လောက်တွင် စစ်ကောင်စီက ရမ်းဗြဲမြို့ပေါ်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်စဥ် ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးကပြောသည်။

 

" "မနက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အရပ်သားနှစ်ယောက်၊ တစ်ယောက်က သေပြီး တစ်ယောက်က ဒဏ်ရာရပါတယ်။လောင်းချောင်းရပ်ကွက်က ကိုမောင်ဇိတ်က နေရာမှာပဲပွဲချင်းပြီးသေသွားတာပါ။" ဟု ပြောသည်။

 

ညောင်ပင်လှကျေးရွာမှ ဦးစိန်ရွှေဦးမှာလည်း စစ်ကောင်စီဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဥ်၊ နေဗီစစ်သင်္ဘောနှင့် တပ်ရင်းကုန်းများမှ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်စဥ် ပေါင်ကိုကျည်စ ဖောက်ဝင်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

 

" ညောင်ပင်လှရွာက ဦးစိန်ရွှေဦးက ကျည် ပေါင်ကို ဖောက်သွားပါတယ်။ သူ့ကိုတော့ စနဲဆေးရုံကို သွားပို့ကြပါတယ် " ဟု ရမ်းဗြဲမြို့ခံတစ်ဦးကပြောသည်။

 

ယနေ့ဒီဇင်ဘာလ ၁၈ ရက်၊ မနက် ၇ နာရီကျော် အချိန်က စစ်ကောင်စီတပ်စွဲထားသည့် ရမ်းဗြဲမြို့၊ မြို့မဈေးကြီးအနီး သိမ်တောင်ကို ရက္ခိုင့်တပ်တော်AA က ဝိုင်းရံတိုက်ခိုက်ခဲ့ရာနှစ်ဘက်တိုက်ပွဲ
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

 

တိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့နှင့် အနီးတဝိုက်ကျေးရွာများကို မွန်းလွဲ ၁၂ နာရီကျော်အချိန်က စတင်ကာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နှင့် ဂျက်ဖိုက်တာအသုံးပြုကာ မကြာခဏဝဲပျံ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

စစ်ကောင်စီတပ်မှ ရမ်းဗြဲမြို့ပေါ်ကို ကြည်း၊ရေ၊လေ ဘက်ပေါင်းစုံပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်၍ ရမ်းဗြဲမြို့နေပြည်သူများမှာ အသက်လုကာဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်း ရမ်းဗြဲမြို့ခံများက နိရဥ္စရာသို့ပြောသည်။

 

စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ပေါ်သို့ လေကြောင်း၊ရေကြောင်းအပါအဝင် တပ်ရင်းကုန်းမှ လက်နက်ကြီးများ ပစ်ခတ်နေပြီး ယနေ့မွန်းလွဲပိုင်းတွင်  ရမ်းဗြဲ တောင်ဥက္ကလာရပ်ကွက်အနီးမှ ဆီဆိုင်တန်း၊ မီးလောင်းပျက်စီးခဲ့သလို မြို့တွင်နေအိမ်များမီးလောင်မှုရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

 

ယခု ည ၆ နာရီ ၃၅ မိနစ်အချိန်ဆက်သွယ်မေးမြန်းချက်အရ လက်နက်ကြီးငယ်ပစ်ခတ်သံများ ခေတ္တရပ်တန့်နေကြောင်း ရမ်းဗြဲမြို့အနီးတဝိုက်ရှိဒေသခံများကပြောသည်။(NN-7/ NN- 23)

ဆက်စပ် သတင်းများ