တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

အမ်း၊ ကဇုကိုင်း‌ တောဟိန်းတောင်အနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီတပ် အထိနာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၂၀/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်ကြားရှိ  ကဇုကိုင်း ကျေးရွာအနီးရှိ တောဟိန်းတောင် အနီးအနားတဝိုက်တွင်  ယမန်နေ့ မေ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်ဟိန်းတောင်မှ စစ်ကောင်စီလက်ကျန် စစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိနာနေသည်ဟု အမ်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" မနေ့ကမနက်မှာ မြေပုံနဲ့ ကဇုကိုင်းအနီးအနား တောဟိန်းတောင်နားမှာ ရှိနေသေးတဲ့ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်က ဝိုင်းပိတ်ဆို့ပြီးတိုက်ပွဲအပြန်အလှန်ဖြစ်ခဲ့တယ်။  စစ်ကောင်စီဖက်ကလည်း အနီးအနားကျေးရွာတွေကို လက်နက်ကြီးကျည်တွေနဲ့ပြန်ပစ်တယ်။ ဒရုန်းနဲ့လေယာဉ်နဲ့လည်းပစ်ခဲ့တယ်။ သိရသလောက် စစ်ကောင်စီဖက်က အထိနာနေတယ် " ဟုပြောသည်။

ယနေ့ မေလ ၂၀ရက်နေ့ နေ့လယ် ၂နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကဇုကိုင်းရွာနှင့် တောဟိန်းတောင်အနီးအနားတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သည်ဟု  မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  ဒီနေ့နေ့လယ် ၂ နာရီလောက်မှာလည်း စစ်ကောင်စီဖက်က ကဇုကိုင်းရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တယ်။ အပျက်အစီးကတော့ မသိရသေးဘူး" ဟုပြောသည်။

အမ်းမြို့နယ် မဲတောင်တွင်လည်း  မေ ၁၇ ရက်နေ့ ညနေ၄ နာရီခန့်က အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမ်းမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" မဲတောင်အနားမှာလည်း  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ် နာရီဝက်လောက်ဖြစ်ခဲ့တယ် " ဟုပြောသည်။

အမ်း-မင်းဘူးကားလမ်းတစ်လျှောက်နှင့် အမ်းမြို့နယ်အနီးတစ်ဝိုက်ရှိ တောတောင်များတွင် ယခုရက်ပိုင်း အတွင်းတွင် စစ်ကောင်စီ အင်အား ထောင်နှင့်ချီ  တိုးမြှင့်ချထားသည်ဟု စစ်ရေးနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" အမ်းမြို့အထွက် လဝက ဂိတ်ကနေစပြီး တောက်လျှောက် တစ်နေရာမှာ ၃၀လောက်စီချထားတာ၊ မင်းဘူးလမ်းတစ်လျှောက် ချထားတယ်။  ပြီးတော့ စစ်ကောင်စီတွေအခု တောတောင်တွေမှာ ပုန်းပြီး နေကြတာရှိတယ်။ကျနော်ထင်တာ ကူမင်းဆွေးနွေးပြီးနောက်ပိုင်း ဒီလိုတိုးချထားတာထင်တယ်။ စစ်ရေးအရှိန်မြင့်လာနိုင်တယ် " ဟုပြောသည်။

မေ ၁၈ ရက်နေ့တွင် အမ်း-မင်းဘူးလမ်း အသွားအလာမရှိ၍ အမ်းမြို့သို့ ပြန်လာ၍ မရကြောင်း အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" လမ်းကဖွင့်တာ တစ်ပတ်လောက်ရှိပြီ။ဒါပေမယ့် ဒီနေ့ မင်းဘူးကနေ အမ်းကို လာမယ့်အမျိူးကဒီနေ့လာလို့မရဘူး။လမ်းပိတ်ထားတယ်ပြောတယ်။ လမ်းဖွင့်တုန်းက  အမ်းကနေ မင်းဘူးကိုဖြစ်ဖြစ် မင်းဘူးကနေအမ်းကိုပဲဖြစ်ဖြစ်သွားမယ်ဆိုရင် ဆေးထောက်ခံစာနဲ့သွားကြတယ်။ အခု တော့သွားတာ မတွေ့တော့ဘူး" ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း အမ်း အခြေစိုက် ခမရ(၃၇၃) ၊ ခမရ(၃၇၁)၊ အမြောက်တပ်ဖက်မှ လက်နက်ကြီးကျည်များ ဆက်တိုက်ပစ်ခတ်သံကို ကြားရကြောင်း မြို့ခံများက ပြောသည်။

အမ်းမြို့နယ်တစ်ဝိုက်ကို အာရက္ခတပ်တော်မှ ဝိုင်းပတ်ထားပြီး စစ်ကောင်စီဖက်မှလည်း စစ်အင်အားများ ပြန်လည်ဖြည့်တင်းထားသဖြင့်  အမ်းမြို့တွင် စစ်ရေးအရှိန်မြင့်တက်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ