သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူဒေသခံ ၄ ဦး စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 717

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၉/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ဒေသခံ ၄ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ စက်လှေပိုင်ရှင် ဦးသန်းမောင်နု (၄၂) နှစ်၊ ကို‌ဖိုးသောကြာ (၂၈)နှစ်နှင့် နောက်ထပ် မြို့ခံနှစ်ဦးတို့ဖြစ်သည်။

စက်တင်ဘာလ ၅ ရက်၊ ည ၁၀ နာရီခွဲခန့်က ‌ငလပွေ့ချောင်းသို့ဝင်လာသည့် နေဗီက စက်လှေတစ်စီးနှင့်အတူ ၎င်းလူ ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူတို့က ငလပွေ့ရပ်ကွက်ကနေ ငလပွေ့ချောင်း အထွက်မရောက်ခင် ငလပွေ့ချောင်းကို ဝင်လာတဲ့ နေဗီနဲ့သွားတိုးတာမှာ ဖမ်းသွားတာပါ။ သူတို့က စီးပွားရေး ကျပ်တည်းတော့ စက်လှေနဲ့ စီးပွားရှာကြတယ်ထင်ပါတယ်"ဟု ပြောသည်။

သူတို့ ၄ ဦးကို ယင်းနေ့ညက နေဗီပေါ်တွင် ဖမ်းဆီးထားပြီး နောက်တစ်နေ့ စက်တင်ဘာ ၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်ရဲများက ငလပွေ့ဆိပ်ကမ်းမှတဆင့် အိမ်စီးကားဖြင့် မြို့ထဲဘက်သို့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း ၎င်းက ပြောသည်။

"ဘယ်တပ်ရင်းကိုခေါ်သွားလဲတော့ မသိဘူး။ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ စက်လှေကိုတော့ ဆိပ်ကမ်းမှာ ကြိုးချည်ပြီးသိမ်းထားတယ် " ဟုပြောသည်။

စက်တင်ဘာလ ၁ ရက်ကလည်း ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ငါးဖမ်းသမားတစ်ဦးနှင့် သစ်ပုတ်တောင်တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ငါးဖမ်းသမား နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး သူတို့နှင့် စက်တင်ဘာ ၈ ရက်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဓာတ်ပုံ - ကျောက်ဖြူ ငလပွေ့ဆိပ်ကမ်းပုံဟောင်း။

ဆက်စပ် သတင်းများ