ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

ထိုင်းတွင် ကျောင်းကားတစ်စီးမီးလောင်၍ ကျောင်းသားများအပါအဝင် ၂၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 199

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၁ /၂၀၂၄

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်အတွင်း ကျောင်းကားတစ်စီး ယနေ့နေ့လယ်က မီးလောင်ပေါက်ကွဲ၍ ကားပေါ်ပါလာသည့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ၂၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားသည် ပထုံဌာနီခရိုင်၊ ဝပ်ခေါင်ဖရာစာသင်ကျောင်းမှ အယုဒ္ဓယမြို့သို့ လေ့လာရေးခရီးသွားရောက်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယင်းသို့သွားစဥ် ယနေ့ အောက်တိုဘာ ၁ ရက်၊ နေ့လယ်က ခူခေါ့ရဲစခန်းအပိုင် ဇီယာ ရန်စစ် စျေးဝယ်စင်တာအရှေ့သို့အရောက်တွင် ကားရှေ့ဘက် တာယာတစ်လုံး ပေါက်ကွဲ သွားပြီးနောက် အရှိန်မထိန်းနိုင်ဘဲ သတ္တုအတားအဆီးများကို တိုက်မိကာ မီးလောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။



ဘတ်စ်ကားပေါ်တွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း ၄၄ ဦးလိုက်ပါလာခဲ့သည်ဟု သိရသည်။

ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ၂၅ ဦးမှာ ကားပေါ်တွင်ပိတ်မိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

၁၉ ဦးမှာ ကားအပြင်သို့ ထွက်လာနိုင်ခဲ့ပြီး ယင်းအနက် ၁၆ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ကျောင်းကားပေါ်ပါသည့်ကလေးငယ်များသည် ငယ်သေးပြီး ယခုလိုဖြစ်ရပ်ကြုံသည့်အခါ ဘေးလွတ်ရာသို့ပြေးနိုင်ရန် မစွမ်းနိုင်ခဲ့သည့်အတွက် ထိခိုက်သေဆုံးခဲ့ရခြင်းဖြသ်စည်ဟု မီဒီယာများကိုဖြေထားသည်။



ယင်းအပြင် မိခင်တစ်ဦးအနေဖြင့် မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းလည်း သူမ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ဒုတိယဝန်ကြီးချုပ်အပါအဝင် ပြည်ထဲရေးဝန်ကြီးနှင့် ပို့ဆောင်ရေးဝန်ကြီးများကို အခင်းဖြစ်သည့်နေရာသို့ စေလွှတ်ထားသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - Fire & Rescue Thailand 

ဆက်စပ် သတင်းများ