ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

စစ်တွေ နာဇီရွာရဲစခန်းလုံခြုံရေးအတွက် နေအိမ် ၆၀ ခန့်ကို ဖြိုဖျက်ရန် စစ်ကောင်စီ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 581

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ အောက်တိုဘာ ၂၃/ ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေမြို့  နာဇီရွာရဲစခန်းအနီးရှိ လူနေအိမ် ၆၀ ခန့်ကို ရဲစခန်း လုံခြံရေးအတွက် စစ်ကောင်စီက ဖြိုဖျက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ဖြိုဖျက်မည့် လူနေအိမ်များမှာ စစ်တွေမြို့၊ နာဇီရွာရဲစခန်းအနီးမှ နေအိမ်များဖြစ်ပြီး အဆိုပါအိမ်များကို တန်းဆောင်တိုင်လပြည့်နေ့ မတိုင်မီ  ဖြိုဖျက်ရမည်ဟု စစ်ကောင်စီက ရပ်ကွက်နေပြည်သူများကို အသိပေး ပြောကြားလာသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

" တန်းဆောင်မုန်းလမပြည့်ခင် ဖြိုမယ်ဆိုပြီးတော့ ပြောပါတယ်။ ရဲစခန်းအနီးက နေအိမ်တွေကို ဖြိုမယ်လို့ပြောတယ်။ ဖြိုဖို့ပြောတာကတော့ ဒီရဲစခန်းမှာ ကျနေတဲ့ ဗိုလ်က ပြောတာပါ" ဟုဆိုသည်။

ရဲစခန်းလုံခြုံရေးအတွက် အနီးအနားရှိ လူနေအိမ်များကို ဖြိုဖျက်ပြီး ရဲစခန်းအား ခြံစည်းရိုး ကာမည်ဟုလည်း သူကဆက်ပြောသည်။

" လူနေအိမ်တွေရှိနေလို့ ရန်သူတွေလာရင် မ‌မြင်ရဘူးပေါ့။ အေအေတွေဝင်လာရင် မြင်ရမှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် အိမ်တွေကို ‌ဖြိုတာလို့ပြောတယ်။ ‌ပြီးတော့ ဒီအနီးဝန်းကျင်တဝိုက်ကို ခြံစည်းရိုးကာမယ်လို့လည်း ပြောတယ်" ဟု ဆိုသည်။

စစ်ကောင်စီမှ ‌လူနေအိမ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အဓမ္မဖြိုဖျက်မည်ဟု ပြောဆို ထားသော်လည်း ဖြိုဖျက်ခံရမည့် နေအိမ်အတွက် မည်သို့ မည်ပုံ နေရာချထားပေးမည်ကို  ပြောကြားခြင်း မရှိသဖြင့် ရပ်ကွက်နေပြည်သူများက စိုးရိမ်ကြောင့်ကြနေကြသည်။

ရပ်ကွက်အတွင်းက အမျိုးသမီးတစ်ဦးက “ အခု ရပ်ကွက်တွင်းမှာ ဒီလောက်အခက်အခဲဖြစ်နေတာ။ တစ်နေ့ရှာတာ တစ်နေ့စားဖို့ မလောက်ဘူး။ ဒီလို စားစရာမရှိလို့ ဒုက္ခရောက်နေတဲ့ ကြားထဲမှ အိမ်တွေကိုဖြိုမယ်ဆိုတော့ သေတာကတောင် ပိုကောင်းအုံးမယ်”ဟု ပြောဆိုသည်။

အဆိုပါ ရပ်ကွက်မှ စစ်ဘေးရှောင်ရန် ထွက်ပြေးကြသည့်အတွက် လူနေထိုင်မှုမရှိသည့် အိမ်လေးဆောင်ကိုလည်း ဝါကျွတ်လပြည့်နေ့မတိုင်မီမှာ စစ်ကောင်စီက ဖြိုဖျက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ဘန်ကာများပြုလုပ်ရန် စစ်တွေမြို့မှ ကျောက်စရိတ်များကို အသည်းအသန်ဝယ်ယူနေသည်ဟုလည်း မြို့ခံများက ပြောသည်။

ထိုသို့ ဝယ်ယူနေသည့်အတွက် ဆင်းရဲနွမ်းပါးသည့် ပြည်သူတချို့မှာ ဝမ်းရေအတွက် လူမနေသည့် တိုက်အိမ်များကို ထုခွဲပြီး စစ်ကောင်စီတပ်သားများကို ကျောက်စရိတ်အစား အုတ်ကျိုးများကို ရောင်းလျက်ရှိသည်ဟုလည်း သိရှိရသည်။

စစ်တွေမြို့တွင် နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီသည် အကြောင်းအမျိုးမျိုးပြကာ  နေ့စဉ်ဆက်ရက် မတရားဖမ်းဆီးလျက်ရှိပြီး တချို့ကို ငွေညှစ်တောင်းခံကာ ပြန်လည် လွှတ်ပေးလျက်ရှိသည်။

လက်ရှိရခိုင်ပြည်တွင် အမ်း၊ မောင်တော၊ ဂွ စသည့်မြို့နယ်များတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများလည်း အပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး များမကြာမီ စစ်တွေမြို့ကိုလည်း ဝင်တိုက်နိုင်သည်ဟုဆိုကာ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ