ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အငူမော် အေရှားဝေါ့လ်ဆိပ်ကမ်းတွင် ပစ်ခတ်မှုဖြစ်၊ ရွာသားများထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော် အေရှားဝေါ့လ်ဆိပ်ကမ်းတွင်ယနေ့ နံနက် ၁ဝ နာရီခန့်က စစ်သားများတင်ဆောင်လာသည့် ဇက်သင်္ဘောတစ်စီး ဆိုက်ကပ်စဉ် ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အငူမော်ရွာသားတို့ ကြောက်လန့်ပြီး တစ်ခြားရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သတင်းရရှိသည်။

“ ပေါက်ကွဲမှု ဖြစ်ချိန်မှာ ကျွန်တော်က အငူမော်တံတားမှာ ရှိနေပါတယ်။ ပေါက်သံကြားတာနဲ့ တံတားပေါ်မှာ ဝပ်ချလိုက်ပါတယ်။ လူတွေက အကုန်လုံး ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။ တပ်ဘက်ကတော့ သေနတ်ကတော့ အချက် ၂ဝဝ လောက်၊ ၃ဝဝ လောက်ပစ်ပါတယ်။ ဘယ်ကို ပစ်မှန်းလည်း မသိပါဘူး” ဟု အခင်း ဖြစ်ပွားစဉ် အငူမော် တံတားတွင် ရှိနေသူ တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားသော်လည်း အရပ်သားများအား ထိခိုက်ခြင်း မရှိကြောင်း၊ သေနတ်သံများ ဆူညံ ထွက်ပေါ်လာသဖြင့် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်း၎င်းက ပြောကြားသည်။

“ အခု ရွာသားတွေကတော့ လောင်းချောင်း၊ သံချောင်းဘက်ကို ပြေးနေကြပါတယ်။ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၅ဝ ကျော်ရှိပါတယ်။ လူပေါင်း ၅ဝဝ ကျော်ရှိပါတယ်။အခုထွက်ပြေးနေကြပါတယ်။ ကားနဲ့ ပြေးသူပြေး၊ ခြေနဲ့ ပြေးသူပြေး၊ ပြေးနေကြပါတယ်” ဟု ပြောကြားသည်။

အငူမော်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ဆက်စပ် သတင်းများ