ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြေပုံယိုးဆနွင်းတိုက်ပွဲ ၅ ရက်မြောက်နေ့ တပ်မတော်မှရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ယိုဆနွင်းကျေးရွာအနီး ရိုးတောင်ခြေတွင် ဖြစ်နေသော မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲ (၅) ရက်မြောက်နေ့တွင် မြန်မာတပ်မတော်မှ စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“ တိုက်ပွဲက ဒီကနေ့ မနက် ၉ နာရီကျော်က စတိုက်ပွဲ ဖြစ်ပါတယ်။ အဲဒီနောက် နာရီဝက်လောက်မှာ ရပ်တန့်သွားပြီး အခု နံနက် ၁၁ နာရီ ၄၉ မိနစ်က စပြီး ရဟတ်ယာဉ် နှစ်စီးနဲ့ပစ်နေပါတယ်။ အခု နေ့လယ် ၁၂ နာရီထိ ချနေကြတုန်းပါ” ဟု ပြောကြားသည်။

ယခုတိုက်ပွဲ ဖြစ်ပွားနေသော နေရာမှာ ယခင်တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ထပ်မံဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ရွာနှင့် သုံးမိုင်ကျော်ခန့် ဝေးကြောင်း၊ ဗုံးချသလား၊ စက်သေနတ်ဖြင့် ပစ်သလားဆိုသည်ကို မသိကြောင်း၊ ရဟတ်ယာဉ်ပေါ်မှ မီးပွင့်များကိုသာ မြင်ရကြောင်း၊ ရွာအနီး ကောင်ကင်ပေါ်မှာ ဝဲပျံပြီး တိုက်ခိုက်နေသည်ကို မြင်ရကြောင်း ၎င်းက ပြောကြားသည်။

“တော်တော်ပြင်းပါတယ်။ အသံက တစ်အားကိုကျယ်တယ်ဆရာ၊ ရွာကလူတွေက ကြောက်ပြီး ပြေးနေကြပါတယ်။ ရွာမှာ လူတောင် မကျန်တော့ပါ။ ရွာထဲမှာတော့ လူတွေ မနေကြတော့။ ရဟတ်ယာဉ်က ရွာထိပ်တိတောင်ရောက်တယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အနီးတဝိုက်တွင် စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ပြီး ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့ထိ တိုက်ပွဲ ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၂ ရက်နေ့တွင် အမတ (၃၇၃) မှ ယာယီ အမြောက်စခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း AA မှ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ