ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် မီးဝကျေးရွာတွင် ကျည်ထိ၍ ကျောင်းထိုင်ဘုန်းကြီး၊ ကိုရင် ၁ ပါး အပါအဝင် ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁/ ၂ဝ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် အစောကြီး ညဉ့် ၁ နာရီခွဲခန့်က ကျည်ဆံထိမှန်၍ ကျောင်းထိုင်ဘုန်းကြီး၊ ကိုရင် တစ်ပါးအပါအဝင် ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး ဒဏ်ရာရရှိသွားပြီး ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ကုသနေရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

"ဖြစ်စဉ်က လူအိပ်ချိန်လောက်မှာ နေဗီ ၅ စီး ကနေပြီး လှမ်းပစ်တာပါ။ တိုက်ပွဲလည်းမဖြစ်ဘဲ လှမ်းပစ်တာပါ။ ဘာမှလည်း ဖြစ်တာမဟုတ်ဘူး။ အလိုလိုနေရင်းလှမ်းပစ်တာပါ။ ဘုန်းကြီးမှာက နို့အုံအောက်မှာ ဒဏ်ရာရသွားတာပါ"ဟု မီးဝ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
လက်ရှိတွင် ကျောင်းထိုင်ဘုန်းကြီးသည် ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အနေအထားတွင်ရှိသည့်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်နေသည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
 
"ကျောင်းသား ၂ ယောက်ပေါ့နော်။ ကိုရင်လေးကလည်း ကျောင်းသားပါပဲ။ သူလည်းကျောင်းတက်တယ်။ ဘုန်း ကြီးကလည်း မီးဝကျောင်းထိုင်ဘုန်းကြီးပါ။ ကျောင်းသား ၂ ယောက်က ၇ တန်းတစ်ယောက် ၆ တန်းတစ်ယောက်ပါ။ ဆရာတော်ကတော့ စစ်တွေကိုယူရပါမယ်။ ကိုရင်လေးကတော့ စစ်တွေဆေးရုံပို့ရမလား၊ ဒီကဆရာဝန်တွေ စစ်ဆေးနေပါတယ်။ နောက် ၃ ယောက်က ကျောက်တော်ဆေးရုံမှာပါ"ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်က ဆက်ပြောသည်။

ကျောင်းဆရာမတွင် ညာဘက်လက်၌လည်းကောင်း၊ ကိုရင်လေးတွင် ခြေနှင့် မျက်နှာတို့၌လည်းကောင်း၊ ကျောင်းသားနှစ်ဦးတွင် တင်ဆုံပါးနှင့် ခေါင်းတို့တွင်လည်းကောင်း အသီးသီး ဒဏ်ရာရသွားကြောင်း သိရသည်။

"သေနတ်သံပေါ့နော်။ အမှောင်ထဲဆိုတော့ လက်ရမ်းပြီးပီးပစ်တာ။ ဘုန်းကြီးကျောင်းမှာက ဆရာတော်မှာ အခမဲ့စာသင်ကျောင်းဖွင့်ထားတယ်။ အဲဒီနေဗီက တသမတ်တည်း အဲဒီနေရာမှာနေတာမဟုတ်ပါဘူး။ ကြည့်ရတာက လမ်းသွားရင်းနဲ့ လှမ်းပစ်သလိုမျိုးပါပဲ"ဟု မီးဝကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပထမတန်းစစ်ဦးစီးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအား နောက်မှ ဆက်သွယ်ရန် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မီးဝကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် မီးဝကျေးရွာမှ ဒေသခံ ၂ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး မီးဝကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဝရွာသစ်မှလည်း ဒေသခံ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ