ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မင်းပြားနယ်တွင် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီနောက် ဖမ်းဆီးခံခဲ့ရသူ ရွာသား ၉ ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊လက်ခုပ်ကျေးရွာ အနီးတွင် ယမန်နေ့ ညနေက မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရသူ ကျေးရွာသား ၉ ဦးကို ပြန်လွတ်လာခဲ့သည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မင်းပြားမြို့နှင့် ၅ မိုင်ကျော်အကွာ၊ လက်ခုပ်ကျေးရွာနှင့် စိတ္တရကျေးရွာကြားတွင် မိုင်း ၂လုံး ပေါက်ကွဲခဲ့ပြီး ၎င်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ တောင်ပုတ်ကေရွာမှ ၂ ဦး၊ ကျောက်ဆုံရွာက တစ်ဦး၊ စိတ္တရက ၄ ဦးနှင့် မင်းဓမ္မကျေးရွာက ၂ ဦးဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ပြောသည်။

“ သူတို့က မိုင်းပေါက်တဲ့ အချိန်မှာ အနီးအနားက လယ်ကွင်းတွေမှာ ပျိုးစိုက်၊ ပျိုးနုတ်လုပ်နေကြသူတွေလို့ ပြောပါတယ်။ စိတ္တရက ဖမ်းတာက ပထမမှာ ၅ ဦး၊ အမျိုးသမီးတစ်ဦးပါသွားတာကိုတော့ လက်ခုပ်ရွာကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ ရွာ ၄ ရွာက လူ ၉ ဦးကိုတော့ ညနေ ၇ နာရီ ၁၅ မိနစ်မှာ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။

မိုင်းပေါက်က်ကွဲမှုကြောင့် ဖုန်သာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လက်ခုပ်ကျေးရွာမှရာအိမ်မှူးတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ရွာသားများကို အာမခံရန် အတွက် ခေါ်ယူခြင်းဟု ကြားသိရကြောင်း ၄င်းက ဆက်ပြောသည်။
 
စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးဖြူက” မိုင်းပေါက်တာ ဟုတ်ပါတယ်။ နှစ်လုံးပေါက်တာပါ။ ကျွန်တော်တို့ရွာက လက်ခုပ် ရွာနဲ့ ခန့်မှန်းခြေ ၂ မိုင်ကျော်လောက်ဝေးတယ်။ အသံတအားကျယ်တယ်။ ကျွန်တော် ရေသောက်နေတာတောင် ရေခွက် လွတ်ကျသွားတယ်”ဟု နိရဥ္စရာသို့ပြောသည်။

“ ဒီလို ဖြစ်တော့ ကျွန်တော်တို့ရွာက လူတွေလည်းကြောက်လန့်နေကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်လုံခြုံရေးကို စိုးရိမ်မိပါတယ်”ဟု ဦးလေးဖြူက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို နိရဥ္စရာ သတင်းဌာနက ယမန်နေ့က ဆက်သွယ်မေးမြန်းရာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်မှာ မဟုတ်ကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း” အဲဒီလက်ခုပ်ကျေးရွာ ကမိုင်းပေါက်ကွဲ တယ် ဆိုတာ ကျွန်တော် မသိရသေးဘူးဗျ” ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ဆက်စပ် သတင်းများ