ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.3k

ချစ်အိလှိုင်
နိရဥ္စရာ၊အောက်တိုဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်ကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ၃ ရက်နေ့ နံနက်က တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

တပ်မတော်စစ်ကြောင်းတစ်ခုမှ ယနေ့  နံနက် ၈ နာရီ ၁၅ မိနစ်အချိန် အောင်ဆိပ်ကျေးရွာဘက်မှ ယိုးတရုပ် ကျေးရွာဘက်သို့ လာနေစဉ် ယင်းသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ယိုးတရုပ် ကျေးရွာ သားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

 “မိုင်းတစ်လုံးပေါက်တယ်။ ယိုးတရုပ်ဆိပ်ကမ်းနားက ယိုးတရုပ်ရွာနဲ့အောင်ဆိပ်ကျေးရွာ အကြား ယိုးချောင်းအကူးမှာပါ။ ရွာသားတွေတော့မထိဘူး။ စစ်သားတွေအဲဒီဘက် လမ်းက လာတဲ့အချိန် ပေါက်တာပါ။ ရွာသားတွေ ထိတ်လန့်သွားကြတယ်။ စျေးကလည်းတခါတည်းသိမ်းသွားကြတယ်။ ဆိုင်တွေပိတ်လိုက်ကြတယ်” ဟု ၎င်း ယိုးတရုပ်ကျေးရွာသားက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား ဆက်သွယ်မေးမြန်းရာ မိုင်းပေါက်ကွဲသည်မှာ မှန်ကန်ကြောင်း၊အောင်ဆိပ်ကျေးရွာနှင့် ယိုးတရုတ်ကျေးရွာ အကြား ယိုးချောင်းအကူး လမ်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နိရဥ္စရာသို့ပြောဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း နယ်မြေရှင်းလင်း နေသည့် ၄င်းတို့တပ်ဖွဲ့များအား AA က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

 “ဘယ်လိုဖြစ်တာလဲဆိုတော့ အဲဒီမှာ နယ်မြေရှင်းနေတဲ့ ကျွန်တော်တို့တပ်တွေရှိတယ်။ AAက လာပြီးတော့မိုင်းခွဲတယ်။ ဘာမှတော့မဖြစ်ဘူး”ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ