ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တပ်စခန်းချထားသည့် နွားရုံတောင်ကျေးရွာမှ နေအိမ်တစ်လုံးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာမှ ယနေ့ နေ့လယ်က အိမ်တစ်လုံး မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ကျေးရွာသားများက ပြောကြားသည်။

မီးလောင်သွားခဲ့သည့် အိမ်မှာ ဦးဝင်းမောင်၏ အိမ်ဖြစ်ပြီး ရွာအစွန်တွင် တည်ရှိသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

“ ရွာမှာက လူမရှိတော့ဘူး။ အကုန်လုံးက ထွက်ပြေးပြီး စစ်ရှောင်စခန်းတွေကို ရောက်နေကြပါပြီ။ စစ်သားတွေဘဲ ရွာမှာ ကျန်တယ်။ သေနတ်သံတွေနဲ့ လက်နက်ကြီး တစ်ချက်နှစ်ချက် ပစ်သံကြားပြီးနောက် ရွာထဲက မီးခိုးလုံးတွေ ထွက်လာတာကို မြင်ရပါတယ်။ နောက်သိရတာက ဦးဝင်းမောင်အိမ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

၂ဝ၁၉ ဧပြီလလောက်က စပြီး အဆိုပါ ဒေသတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားကာ လက်ရှိတွင် ၎င်းရွာ၌  တပ်မတော်မှ စခန်းချနေထိုင်လျက် ရှိသည်ဟု သိရသည်။

စေတီတောင်ရွာတွင် ခိုလှုံရောက်ရှိနေသည့် နွားရုံတောင်ရွာသား တစ်ဦးက ယနေ့ နေ့လယ် ၁ နာရီလောက်က ပစ်ခတ်သံများ ကြားရပြီးနောက် မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို မြင်ရကြောင်း ပြောသည်။

“နေအိမ်တစ်လုံး မီးလောင်တာပါ။ အဲဒီမှာ တပ်မတော်က စခန်းချနေကြတာကြာပါပြီ။ အခုမီးလောင်တဲ့ အိမ်က သူတို့စခန်းချတဲ့နေရာကနေ အနောက်ဘက်လောက်မှာပါ” ဟု ၄င်းရွာသားက နိရဥ္စရာသို့ပြောသည်။

ဘူးသီးတောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “မြင်တာက စေတီတောင်ဘက် ကနေမြင်ရတယ်လို့ကြားတယ်။ မီးခိုးထွက်တာလောက်ဘဲမြင်ရတယ်” ဟု ၄င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “တိုက်ပွဲဖြစ်တာမရှိဘူး။ ဆောင်းသီးနှံစိုက်ဖို့ ဘင်္ဂလီတွေ မီးရှို့တာတော့ရှိတယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကလည်း နွားရုံတောင်မှ နေအိမ်တစ်လုံး မီးလောင်နေသည်ဟု သိရကြောင်း၊ ဦးဝင်းမောင်၏ အိမ်ဟု သိရကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်မှုများ တစ်နေ့လုံးလိုလို ရှိနေသည်ဟု ကြားသိရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ