ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအနီးတိုက်ပွဲ ၄ နာရီကြာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ အောက်တိုဘာ၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျောက်တန်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်မှ စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၄ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ပွဲမှာ ယနေ့နံနက်ပိုင်း ၈ နာရီကျော်မှ နေ့လယ် ၁၂ နာရီကျော်ထိ ကျောက်တန်းကျေးရွာမြောက်ဘက် မြိုတောင်တွင်  ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ကျောက်တန်း ဒေသခံများက ပြောဆိုသည်။

၎င်းတပ်မတော် စစ်ကြောင်းမှာ ထီးစွဲကျေးရွာမှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ကျောက်တန်းကျေးရွာ အလွန်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပစ်လိုက်၊ ရပ်လိုက်ဖြစ်နေသည်မှာ ၄ နာရီကျော်ကြာခဲ့သည်ဟု ကျောက်တန်းရွာသား တစ်ဦးက ပြောဆိုသည်။

“ ပထမ မိုင်းပေါက်သံတွေ ကြားရပါတယ်။ အဲဒီနောက် လက်နက်ငယ် လက်နက်ကြီး ပစ်ခတ်သံတွေကြားရပါတယ်။ နောက်ရပ်သွားတယ်။ ထပ်ပြီး ပြန်ပစ်ကြတယ်။ ၂ ကြိမ်ကတော့ ပြင်းပြင်းထန်ထန် အပြန်အလှန် ပစ်ခတ်သံတွေကို ကြားရပါတယ်။ ကျွန်မတို့က ကြောက်ပြီး ထွက်ပြေးနေတာက  ထီးစွဲမှာ ဖြစ်တဲ့နေ့တည်းကပါ” ဟု ကျောက်တန်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ ကျောက်တန်းရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသည်ကို သတင်းရရှိကြောင်း၊ သို့သော်လည်း အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသားများမှာ ထွက်ပြေးထွက်သွားကြပြီ ဖြစ်သဖြင့် တိုက်ပွဲ အခြေအနေကို အသေးစိတ် မသိရှိကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်း တင်ပြနိုင်ခြင်း မရှိပါ။

ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်မှ အထိုင်စခန်းချပြီး လက်နက်ကြီးများ ပစ်ခတ်နေသော နေရာများအား အေအေ အထူးကွန်မဒိုတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုများရှိနေကြောင်း၊ ယနေ့ ကျောက်တန်း တိုက်ပွဲ ဖြစ်စဉ်မှာ သူ့ဆီသို့ မရောက်သေးသဖြင့် မပြောနိုင်သေးကြောင်း ပြောကြားသည်။

ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်၊ သောင်းဒရားစသည့် ကျေးရွာများမှ ရွာသားများမှာ တိုက်ပွဲကြောင့် ကြောက်လန့် ထွက်ပြေးနေကြသည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ