သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင်တိုက်ပွဲဖြစ်၊ အနီးအနားရှိ ချင်းတိုင်းရင်းသားကျေးရွာ စားဝတ်နေရေးအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းတိုင်းရင်းသားများနေထိုင်သည့် ဒိုင်းသားကျေးရွာ အနီးတွင် ယနေ့နံနက် ၈ နာရီကျော်မှ စပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒိုင်းသားကျေးရွာတာဝန်ခံ ဦးကျော်ဇောဖြူမှ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ တိုက်ပွဲ ဖြစ်တဲ့ နေရာက ကျွန်တော်တို့ရွာနဲ့ ဆိုရင် ၂ မိုင်ခန့် ဝေးပါတယ်။ ဒေသအခေါ်က ခနောင်ချောင်းလို့ ခေါ်ပါတယ်။ နံနက် ၈ နာရီ စဖြစ်ပါတယ်။ အခုထက်တိ လက်နက်ကြီးအသံကို ကြားရပါတယ်။ မနက် ၁၁ နာရီနဲ့  ၁၂ နာရီလောက် အကြားမှာတော့ လက်နက်ငယ်သံတွေပါ ကြားခဲ့ရပါတယ်။ အခုချိန်ထိ လက်နက်ကြီးသံတွေကို ကြားနေရပါတယ်” ဟု ယနေ့မွန်းလွဲ ၂ နာရီက ဆက်သွယ်မေးမြန်းစဉ် ဦးကျော်ဇောဖြူက ပြောကြားသည်။

ဒိုင်းသားကျေးရွာသည် ချင်းတိုင်းရင်းသားများ နေထိုင်သော ကျေးရွာ တစ်ရွာဖြစ်ပြီး အိမ်ခြေ ၇၈ ဆောင်၊ လူဦးရေ ၄၄၅ ယောက်ရှိကာ ရွာသားများထဲတွင် တစ်ချို့မှာ ခရစ်ယာန်ကိုးကွယ်ကြပြီး တစ်ချို့မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်ဟု ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတာက တစ်လခွဲကျော်၊ နှစ်လနီးပါးရှိနေပါပြီ။ နေ့တိုင်းလိုလို ဖြစ်ပါတယ်။  ရွာသားတွေလည်း ရွာထဲမှာ ပိတ်မိနေပါတယ်။ ဘယ်ကိုမှ သွားလာလို့မရဘူး။ အစားအသောက်ကတော့ ရှိတဲ့လူက မရှိတဲ့လူကို ဝေမျှ စားသောက်နေရပါတယ်။ အခက်အခဲတော့ ရှိပါတယ်” ဟု ကျေးရွာ တာဝန်ခံက ပြောဆိုသည်။

ထိုသို့ အခက်အခဲရှိသဖြင့် ရခိုင်ပြည်နယ် အစိုးရမှ လွန်ခဲ့သော နှစ်ပတ်ကျော်က ဒိုင်းသားရွာသားများအား တစ်ပတ်စာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိ အချိန်တွင် ဆက်လက် ထောက်ပံ့မှု မရှိကြောင်း သိရသည်။

၎င်းပြင် စိုက်ပျိုးထားသော စပါးစိုက်ခင်းများမှာလည်း ကျွဲနွားများ ဝင်စားသဖြင့် အားလုံးပျက်စီးကုန်ပြီဟု ဆိုသည်။

“ ကျွဲနွားတွေက ရွာပြင်မှာနေတယ်။ လူတွေက အရင်လို ကျွဲနွားတွေကို ရွာပြင်မှာ မထိန်းကျောင်းနိုင်ဘူး။ ခဏ ခဏ တိုက်ပွဲ ဖြစ်တော့ ရွာပြင်ကို ဘယ်သူမှ မသွားရဲကြဘူး။ ဒီတော့ စပါးခင်းတွေကို ကျွဲနွားတွေက ဝင်စားတော့ အကုန်လုံး ပျက်စီးကုန်ပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ဆက်စပ် သတင်းများ