သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်ကံသစ်ရွာအနီး ဖြစ်ပွားနေသောတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲအုပ်စု၊ ကံသစ်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်းမှ စပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေခဲ့ပြီး မြတ်လှဲကျေးရွာမှ မြိုအမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားသူမှာ မြိုတိုင်းရင်းသူ ဒေါ်မညို (၆၃)နှစ် (ဘ)ဦးဒါနအောင်ဖြစ်ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၂နာရီ ၄၅မိနစ်ခန့် ကစတင်ပြီး ကံသစ်ကျေးရွာ အနောက်ဘက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် နေအိမ်အတွင်း ပုန်းနေသည့်အချိန် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ကျည်ဆံထိမှန်ခဲ့သူ အမျိုးသမီး၏ ယောကျ်ားဖြစ်သူ ဦးမောင်စံကျော် က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့က အထဲမှာနေတာပါ။ ထမင်းစားလို့ ပြီးလို့ အပြင်မထွက်နဲ့လို့ ကျနော်ကပြောပါတယ်။ အထဲမှာနေတာပါ။ အထဲမှာနေတဲ့အချိန်မှာ သံဖြူကဖောက်ဝင်လာလို့ ညာဘက် နံရိုးဘေးမှာ ကျည်ထိသွားပါတယ်။ ညနေ ၅နာရီ ခွဲလောက်က ထိသွားတာပါ” ဟု ဦးမောင်စံကျော်က ပြောသည်။

အဆိုပါဒဏ်ရာရရှိသူ အမျိုးသမီးအား ဒဏ်ရာပြင်းထန်သည့်အတွက် အရပ်ဘက်ကားဖြင့် ယိုးတရုတ်ဆေးရုံသို့ ယူဆောင်လာနေကြောင်း မိသားစုဝင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်တိုင်တိုင်ရှိနေခဲ့ကာ ကံသစ်ကျေးရွာသားများ ရွာအရှေ့ပိုင်း ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးနေကြရကြောင်း ကံသစ်ကျေးရွာသား တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတာ ဗုဒ္ဓဟူးနေ့ကနေ စဖြစ်နေတာပါ။ ဒီနေ့ ကျနော်တို့ရွာနားမှာ ဖြစ်နေပါပြီ။ ကျည်ဆံတွေ ရွာထဲမှာ လာကျပါတယ်။ အခု တိုက်ပွဲဖြစ်နေတာက ရွာအနောက်ဘက်မှာ ဖြစ်နေတာပါ” ဟု ကံသစ်ကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့ ညနေပိုင်းက ဒေသခံကျေးရွာသားများအား ထပ်မံဆက်သွယ်မေးမြန်းစဉ် ညနေ ၆ နာရီခန့်ထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်သံများ ထွက်ပေါ်လျှက်ရှိနေကြောင်း ပုဏ္ဏားကျွန်းမြို့နယ် မြတ်လှဲအုပ်စု ကံသစ်ကျေးရွာသားများ ကပြောသည်။

ဆက်စပ် သတင်းများ