သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပန်းမြောင်းကျေးရွာအရှေ့ဘက်တောင်ကြောများကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ /၂ဝ၁၉

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာအရှေ့ဘက်တောင်ကြောများကို ယနေ့ညနေ ၄ နာရီခွဲ ဝန်းကျင်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ကျေးရွာသားများထံမှ သိရသည်။

 “နှစ်ဘက်ပစ်သံတော့ ရွာဘက်က မကြားရပေမယ့် ရဟတ်ယာဉ် နဲ့ပစ်တာတော့ကြားတယ်။ ၁၅ မိနစ်လောက်ပစ်တယ်။ ရွာမှာတော့ မကျဘူး။ ရွာသားတွေကြောက်ပြီး အိမ်အောက်မှာ ပုန်းနေကြတယ်။ ကျောင်းတွေပိတ်ထားတ မိုးမကျခင်ကတည်းပါ။ ရွာကလူတွေ ပိတ်မိနေပါပြီ။ တစ်ခုခုသွားချင်ရင်လည်း တပ်မတော်က စစ်သားတွေဆီက ခွင့်ပြုချက်တောင်းရပါတယ်။ စားဝတ်နေရေး လည်းခက်ခဲနေကြပါပြီ” ဟု ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားရာအနီးရှိ ဒေသခံ ချင်းတိုင်းရင်းသားများနေထိုင်သော ဒိုင်းသားရွာတွင် အိမ်ခြေ ၇၈ ဆောင်ရှိပြီး လူဦးရေ ၄၄၅ ဦးနေထိုင်ကြောင်း၊တိုက်ပွဲကြောင့် ကျေးရွာသားများ ကြောက်လန့်၍ နေအိမ်အောက်များတွင် ပုန်းခိုနေရကြောင်း ၄င်းကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးကျော်ဇောဖြူက ပြောသည်။

ဒိုင်းသားရွာနှင့် ၅ မိုင်အကွာ၊ ပန်းမြောင်းကျေးရွာ၏ အရှေ့ဘက်တောင်ကြောတွင် ယနေ့နံနက် ၉ နာရီခန့်အချိန်မှ ညနေ ၄ နာရီထိ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာဟုတ်တယ်။ နှစ်ဖက်တိုက်ခိုက်မှု ရှိတာပေါ့ဗျာ။ AA က အဲဒီဘက်တောင်ကြောတွေမှာ နေရာယူထားတော့ အဲဒီကြောတွေကို လိုက်ရှင်းနေတာ ကြာပြီ၊ တစ်ပတ်လောက်တောင်ရှိပြီ။ ရဟတ်ယာဉ်နဲ့ ကင်းထောက်တာတော့ရှိတယ်။ ပစ်မပစ်တော့ မသိဘူး။ AA  ရှိနေသရွေ့တော့ တိုက်ပွဲက ရှိနေမှာပဲ” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

၎င်းပြင်ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ တွင် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်းတွင် တစ်နေရာဈ ပန်းမြောင်းတွင် တစ်နေရာနှင့် နောက်နေရာ တစ်ခုတို့တွင် ဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောကြားသည်။

မင်းပြားမြို့နယ် အတွင်း ယနေ့တိုက်ပွဲဖြစ်ပွားခြင်းရှိမရှိအား စုံစမ်းမေးမြန်းရန် နိရဥ္စရာ သတင်းဌာနအနေဖြင့် ရက္ခိုင့်တပ်တော် AAမှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ညနေ ၅နာရီခန့်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ