သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝရွာထဲ လက်နက်ကြီးကျ၍ မြေးအဖိုးနှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.3k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ အောက်တိုဘာ ၂၃ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖိုးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ဒဏ်ရာရသွားသည့်မြေးအဖိုးနှစ်ဦးမှာ ဦးကျော်စိန် (၇ဝ နှစ်ခန့်)နှင့် မောင်အောင်နိုင်ချေ (၁၁ နှစ်)တို့ဖြစ်သည်။

အပေါက်ဝကျေးရွာအနီး ကန်စောက်တောင်ခြေရင်း အမြောက်တပ်ရင်းတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်ကာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ၎င်းနေရာမှ ပစ်လိုက်သော လက်နက်ကြီး ကျည်တစ်လုံး မှာ အပေါက်ဝကျေးရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအနီးရှိ ဦးမောင်သန်းလှ၏ နေအိမ်သို့ နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် ကျရောက်ပေါက်ကွဲ၍ နေအိမ်ခေါင်မိုးများ ပွင့်ထွက်သွားကာ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ် ကြောင်း၊ နောက်သုံးလုံး ကျရောက်ပေါက်ကွွဲခဲ့သော်လည်း ရွာသားများ ထိခိုက်မှု မရှိခဲ့ကြောင်း   ရွာသားများက ဆိုသည်။

"အဖိုးဖြစ်သူမှာတော့ ဒဏ်ရာနည်းနည်းများတယ်။ မြေးဖြစ်သူမှာတော့ အဲလောက် မဟုတ်ဘူး။ ဒါပေမယ့် မြေးဖြစ်သူမှာလည်း ခေါင်းမှာ ထိထားတော့ မိသားစုတွေက စိုးရိမ်နေကြတယ်။"ဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုနေသည့် ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဦးကျော်စိန်တွင် ဦးခေါင်းနှင့် ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မောင်အောင်နိုင်ချေတွင် ဦးခေါင်း၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့သည်ဟုလည်း ဆိုကြသည်။

ဒဏ်ရာရသူများကို လက်ရှိတွင် အပေါက်ဝတိုက်နယ်ဆေးရုံ၌ ပို့ဆောင်ထားရကြောင်း သိရသည်။

အပေါက်ဝကျေးရွာအနီး ကန်စောက်တောင်ခြေရင်းတွင် အမြောက်တပ်နှင့် အမှတ် ၅၃၉ တပ်ရင်းတို့ရှိပြီး အဆိုပါတပ်ရင်းများမှ ယနေ့ နံနက် ၆ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ်ပစ်ခတ်မှုများ ထွက်ပေါ် လျက်ရှိနေပြီး လူထုအတွင်း အထူးစိုးရိမ်လျက်ရှိသည်ဟုလည်း အနီးအနားကျေးရွာများမှ ဒေသခံများက ပြောကြသည်။

ဆက်စပ် သတင်းများ