သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကုလားတန်မြစ်ကြောင်းတိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျည်ထိမှန်၍ ရွာသားတစ်ဦးခြေထောက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် ရေတပ် စစ်ရေယာဉ် များနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ကသစ်တောရွာမှ အသက် ၆ဝကျော် အရွယ် ရွာသားတစ်ဦးမှာ လက်နက်ကြီးကျည်ဆံ ထိမှန်၍ ခြေထောက်ပြတ်သွားသည်ဟု သတင်းရရှိသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောကြားသည်။

“ ကုလားတန် မြစ်ကြောင်းစီမံကိန်းလုပ်နေတဲ့ တံတားတည်ဆောက်ရေး လုပ်ငန်းလုပ်နေတာရှိတယ်။ အဲဒီ တံတား တည်ဆောက်ရေးလုပ်ငန်းလုပ်နေတဲ့ ဇက်သုံးစီးသွားတယ်။ ရွှေပြည်တန်၊ လိုင်ယံစီ၊ တော်ဝင်မင်းသမီး သံဘောင်တွေ တင်သွားတယ်။ ပြီးရင်ဘိလပ်မြေအိတ်တွေတင်သွားတယ်။ ကုလားတန်တံတား မပြီးသေးလို့ မြန်မြန်ပြီးအောင် ဆိုပြီးတော့မှ အဲ့ဒီသုံးစီးတက်တဲ့ အခါမှာ ကမ်းထိုးယာဉ်တွေက လုံခြုံရေးလိုက်တာ။ ကမ်းထိုးယာဉ်တွေက တပ်မတော် ရေယာဉ်တွေက လုံခြုံရေးလိုက်တာ။ လိုက်တဲ့အခါမှာ ပီကောက်ဝနားမှာ အေအေက ပစ်တယ်” ဟု စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

AA က အာရ်ပီဂျီဖြင့် ပစ်ခတ်သဖြင့် ရွှေပြည်တန်ရေယာဉ်ကို ထိမှန်ခဲ့သည်ဟု ပြောဆိုသည်။

“ ဘာလို့လာပစ်တာလဲ။ ဒေသဖွံ့ဖြိုးရေးအတွက်သွားလုပ်တဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း ပြောတော့ အိန္ဒိယကလုပ်တဲ့ဟာကို အားပေးပါတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ် ပြောပြီးတော့ ဘာလို့ပစ်တာလဲ အဲဒီ ကောင်တွေ။ ဘာရည်ရွယ်ချက်နဲ့ပစ်တာလဲ။ အဲပစ်တဲ့ရွာကို မီးကိုရှို့ပစ်ရမှာ။ အဲနားက ပစ်တဲ့ရွာကို လောင်သွားအောင် လုပ်ပစ်ရမှာ။ ကုလားတန်မြစ်ကူးတံတားစီမံကိန်း လုပ်နေတဲ့ တံတားတည်ဆောက်ရေး အတွက်သွားပို့တဲ့ ရွှေပြည်တန်၊ လိုင်ယံဆီ၊ တော်ဝင်မင်းသမီး အဲဒီဇက်သုံးစီးနဲ့ ဘိလပ်မြေအိတ်တွေ သံဘောင်တွေ တံတားတည်ဆောက်ရေး စီမံကိန်းအတွက်လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကို သွားပို့တဲ့ ဇက်ရေယာဉ်သုံးစီးကို ရေတပ်ကနေပြီးတော့မှ ကမ်းထိုးယာဉ်သုံးစီးနဲ့ အစောင့်အရှောက်လုံခြုံရေး လိုက်ပေးတာ။ အဲဒါကို ပီကောက်ဝနားမှာ  အေအေက အာရ်ပီဂျီနဲ့ပစ်တယ်။ ပစ်တော့မှန်တာက ရွှေပြည်တန်မှာ မှန်တယ်။ ရွှေပြည်တန်မှာ မှန်တော့ ဒီကလည်း ပြန်ပစ်တာ။ အဲဒီတံတားစီမံကိန်းအတွက် သယ်သွားတဲ့ ပစ္စည်းတွေကိုပစ်တာ။ ဘာစစ်တပ်ရဲ့ ရိက္ခာတွေခဲယမ်းတွေ ဘာတစ်ခုမှမပါဘူး။ ခိုင်သုခဆိုတဲ့ကောင်က ပေါက်ကရ ခြောက်ဆယ် ပြောမှာကြောက်လို့ ကြိုပြောထားတာ အဲဒါ။ အဲ့မှာစဖြစ်တာက ၇နာရီဝန်းကျင်က စဖြစ်တာ။ တနာရီနီးပါး လောက်ဖြစ်ခဲ့တယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆက်လက် ပြောဆိုသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်ကြစဉ် တပ်မတော်ရေယာဉ်မှ ပစ်ခတ်လိုက်သည့် အမြောက်ကျည်ထိမှန်ပြီး ကသစ်တောကျေးရွာမှ အသက်(၆ဝ)ကျော်အရွယ် ဦးထွန်းလှဖြူ ခြေထောက်ပြတ်သွားသည်ဟု မိသားစုများက ပြောသည်။ 

“ ဒီကနေ့ နံနက်ပိုင်း ၇ နာရီ ၄၅ မိနစ်လောက်က ပထမ ရေတပ်က နေဗီ လေးငါးစီး ကုလားတန်မြစ်အတိုင်း တက်လာတယ်။ AA ကနေ ကမ်းပေါ်က ပစ်တယ်ထင်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ အဲဒီမှာ ရေတပ်ကပစ်တဲ့ အမြောက်ကျည်ဆံထိပြီး ကျွန်တော်တို့ ကသစ်တောကျေးရွာမှ အသက်(၆ဝ)ကျော်အရွယ် ဦးထွန်းလှဖြူ ခြေထောက်မှာ ဒဏ်ရာရတယ်။ ခြေထောက်ပြတ်သွားပါတယ်။ နောက်ထပ် နေဗီ နှစ်စီး အပေါက်ဝရွာ ဘက်ကနေ မနက် ၉ နာရီလောက်မှာ ကုလားတန်မြစ်အတိုင်း သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဆက်တက်လာပါတယ်။ အခု ကျွန်တော် ဗုံးခိုကျင်းကနေ ပြောနေတာပါ။ ရွာသားတွေ အကုန်လုံး အိမ်အောက်ဗုံးခိုကျင်းမှာ ဝပ်နေကြရပါတယ် ” ဟု ကျေးရွာသား တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ နံနက် ၉ နာရီ ၃ဝ မိနစ်က ပြောဆိုသည်။

ယနေ့ နံနက်က ၉ နာရီက ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာဘက်မှ ကုလားတန်မြစ်အတိုင်း နေဗီနှစ်စီးမှ လက်နက်ကြီး လက်နက်များ ပစ်ခတ်တက်လာသဖြင့် အနီးအနားကျေးရွာသားများ ကြောက်ပြီး ဗုံးခိုကျင်းများတွင် ပုန်းအောင်းနေကြသည်ဟု ၎င်းက ဆိုသည်။

ဦးထွန်းလှဖြူယောက်ဖ ဖြစ်သူ ဦးအောင်သိန်းလှိုင်က “ ကုလားတန်မြစ်ကမ်းဘေးတွင်ရှိသည့် ၄င်း၏ သီးနှံခင်းမှအပြန် တပ်မတော်ရေယာဉ်တစ်စီးပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ဝါးတစ်ပြန်အကွာတွင် ကျရောက် ပေါက်ကွဲပြီး ကျည်စထိမှန်ကာ ထိုသို့ ခြေထောက်ပြတ်ကာ ဒဏ်ရာ ရရှိသွားခြင်း ဖြစ်ကြောင်း”  ပြောသည်။

“မနက်က တပ်မတော်ရေယာဉ် ၅စီး ၆ စီးလောက် ကုလားတန်မြစ်ကြောင်း အတိုင်း အောက်ဘက်ကနေ တက်လာပါတယ်။ တက်လာတဲ့အချိန်မှာ ဘယ်ဘက်ကို ပစ်လို့ပစ်မှန်းလည်းမသိဘူး။ ပစ်တာကိုလည်း ဘယ်နှစ်ချက် ပစ်လို့ ပစ်မှန်းတောင် မသိတော့ဘူး။ အချက်ပေါင်းများစွာ ပစ်တာပါ။ အဲလိုပစ်တဲ့အချိန်မှာ လက်နက်ကြီးကျည်က ရွာက ပဲခွဲစက်ရုံမှာ လာထိတယ်။ အဲဒီကတစ်ဆင့် လက်နက်ကြီးကျည်စက ခြေသလုံးကို လာထိသွားတာပါ” ဟု ဦးအောင်သိန်းလှိုင်က ပြောသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဦးထွန်းလှဖြူ၏ ဘယ်ဘက်ခြေသလုံး တစ်ခုလုံးပွင့်ထွက်ကာ ပြတ်တောက် သွားခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့်အတွက် လက်ရှိတွင် ၄င်းအား ကုလားတန်မြစ် အနောက်ဘက်ကမ်းကို စက်လှေဖြင့် ပို့ဆောင်ပြီး ၎င်းမှ တစ်ဆင့် ကားလမ်းအတိုင်း ကျောက်တော် နာရေးကားဖြင့် ကျောက်တော်ဆေးရုံသို့ ယူဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ကသစ်တော ကျေးရွာသည် အိမ်ခြေ ၄ဝဝ ကျော် ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ကုလားတန်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည်ဟု သိရသည်။

ကသစ်တောကျေးရွာသားတစ်ဦးက“လက်နက်ကြီးကျည်က သူနဲ့ ဝါးတစ်ပြန်လောက်မှာ ကျတာပါ။ ကျတဲ့ အချိန်မှာ ကျည်စက သူ့ဆီကိုလာကျလို့ ကျတဲ့နေရာမှာ သူလဲသွားပါတယ်။ ရွာကလူတွေသွားယူရတာ။ ဘယ်ဘက်ခြေသလုံး တစ်ခုလုံး ပွင့်ထွက်သွားတယ်။ အခုကျောက်တော်ကို နာရေးကားနဲ့ယူသွားပါပြီ” ဟု ပြောသည်။

တပ်မတော် ရေယာဉ်မှ ပစ်ခတ်၍ ရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ပြောဆိုမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်လက် မေးမြန်းရာ ၎င်းက “ အဲဒီ ပြောတဲ့လူပါးကိုရိုက်ပစ်ချင်တာ။အဲဒီမဟုတ်မမှန်ပြောတဲ့ဟာကို ဒေါသကထွက်လာပြီ။ အဲဒါတပ်မတော် ရေယာဉ်လည်းမဟုတ်ဘူး။ ကုလားတန် မြစ်ကြောင်းစီမံကိန်းလုပ်နေတဲ့ တံတားတည်ဆောက်ရေး လုပ်ငန်းလုပ်နေတာရှိတယ်။ အဲဒါကို အေအေက အာရ်ပီဂျီနဲ့ ပစ်တဲ့ အတွက် ပြန်ပစ်တာ” ဟု ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအား ယနေ့ နံနက်ပိုင်း ၈ နာရီ ၅၉မိနစ်က နိရဥ္စရာ သတင်းဌာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက တပ်မတော်ရေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျေးရွာသားတစ်ဦး ခြေထောက်ပြတ်တောက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားသည့် သတင်းအား ကြားသိရကြောင်း ပြောသည်။

ဆက်လက်၍ ၎င်းရေယာဉ်စုကို ဆက်ပစ်ပါက ထပ်မံ၍ တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

-----------------------------

Unicode:




















ဆက်စပ် သတင်းများ