သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မဟာမုနိဘုရားအနီးမိုင်းပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီး ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

မိုင်းပေါက်ကွဲပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယြနေ့ နံနက် ၉နာရီခန့်က မုဟာမုနိဘုရားဘက်မှ မြောက်ဦးမြို့နယ် ကျောက်ကျပ်ဘက်သို့ သွားသည့် တပ်မတော် စစ်ကြောင်းတစ်ခု ညောင်ချောင်းကျေးရွာနားသို့ အရောက်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု  ညောင်ချောင်း ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မိုင်းပေါက်တာက ကျနော်တို့ရွာမြောက်ဘက် မဟာမုနိဘုရားနဲ့ ကျနော်တို့ရွာကြားမှာ ပေါက်တာပါ။ ကျနော်တို့ ရွာနဲ့ဆိုရင် ၃ ဖာလုံလောက်ရှိမယ်။ မဟာမုနိဘုရားနဲ့ ကျနော်တို့ရွာကြားဆိုရင် အရင်တုန်းက သမိုင်းဝင် နန်းဦး စေတီရှိခဲ့တဲ့ နေရာနားမှာပါ။ စစ်သားတွေက ဖြတ်သွားတဲ့ အချိန်မှာ ပေါက်တာပါ” ဟု ညောင်ချောင်း ကျေးရွာသားတစ်ဦးက ဆိုသည်။

ထိုသို့တပ်မတော်စစ်ကြောင်း ဖြတ်သွားသည့်အချိန် မိုင်းပေါက်ကွဲမှုကြောင့် အနီးမှ ညောင်ချောင်းကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လိုက်သည့် အတွက် နေအိမ်ခြံစည်းရိုးတွင် လက်နက်ငယ်ကျည်ဆံများထိမှန်မှု ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ကျေးရွာဘက်သို့ ဦးတည်ပြီး ပစ်ခတ်သော်လည်း ကျေးရွာသားများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း ကျေးရွာသားများမှာ လွန်စွာစိုးရိမ်ကြောက်လန့်နေကြရကြောင်း၊ ၃၇၆ တပ်ရင်းက လက်နက်ကြီး များဖြင့် ကျေးရွာ၏အရှေ့ဘက် ရမ်းချောင်းတောင်တန်းဘက်သို့ ပစ်ခတ်နေကြောင်း ၎င်းက  ပြောသည်။

ဖြစ်စဉ်အား အသေးစိတ်သိရှိရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက် ၁၁နာရီက တစ်ကြိမ်၊ နေ့လည် ၁၂နာရီ ၃၈ မိနစ်က တစ်ကြိမ် ၂ကြိမ်တိတိ ဆက်သွယ်ခဲ့ဘယ်မဲ့လည်း ဖုန်းလက်ခံဖြေဆို ခြင်းမရှိပါ။

ဆက်လက်ပြီး သရက်ကျေးရွာသားတစ်ဦးက “အသံတော့ ကြားလိုက်ရတယ်။ နောက်ဆက်ပြီး တော့ဘာဖြစ်လဲ ဆိုတာကိုမသိရပါ။ တချက်တည်း အသံအကျယ်ကြီး ကြားလိုက်ရတာ။ မနက်ပိုင်း ၉ နာရီ ၁ဝ နာရီနီးပါး လောက်ကပေါက်တာပါ။ အဲဒီပေါက်သံပြီးတာနဲ့ လက်နက်ငယ်တွေနဲ့ ပစ်သံတွေလည်း ကြားလိုက်ရတယ်။” ဟု ပြောသည်။

ထိုပေါက်ကွဲမှုဖြစ်အပြီးတွင် ဘုရားအပြင်ဘက်တွင်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှာ ဘုရားတံတိုင်းအတွင်းထဲသို့ ဝင်ရောက်ပြီး ဘေးပတ်ပတ်လည်တွင် နေရာ ယူထားကြောင်း အဆိုပါ သရက်တပင်ကျေးရွာသားက ပြောသည်။

မဟာမုနိ ဘုရားအတွင်း စစ်မတော်စစ်ကြောင်းက နေရာယူထားသည့် အတွက် ဘုရားသို့ လူသွားလာမှု နည်းပါနေကြောင်းလည်း အနီးမှဒေသခံများကပြော သည်။

----------------------------

Unicode:















ဆက်စပ် သတင်းများ