သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တော - ဘူးသီးတောင် ကားလမ်း တောင်ခေါင်းကြီးအနီး တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တော - ဘူးသီးတောင်ကားလမ်း တောင်ခေါင်းကြီးအနီး ယမန်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မောင်တော - ဘူးသီးတောင်ကားလမ်း တောင်ခေါင်းကြီးနှင့် တောင်ခေါင်းငယ်ကြားတွင် ဒီဇင်ဘာလ ၁၈ နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေရာအနီး တပ်မတော်စစ်ကြောင်းရောက်ရှိနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ယမန်နေ့က မောင်တောမှ ပြန်လာသည့် ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

“မနေ့က ၉ နာရီလောက်မှာ ကျနော်တို့လင်မယားက ဆိုင်ကယ်နဲ့ မောင်တောကနေလာတာ။ မောင်တော ၆ မိုင်ကိုရောက်တာနဲ့ မိုင်းကွဲတဲ့သတင်းထွက်နေတယ်။ ငါတို့ကလည်း ကားတွေကြားကနေလာတယ်။ အဲဒီပေါက်တဲ့နေရာနားမှာ စစ်သားတစ်ယောက်က ထိုင်နေတယ်။ တစ်ယောက်က စက်နဲ့ စကားပြောနေတာတွေ့ခဲ့ရတယ်။ ထိခိုက်မှုရှိ/မရှိကိုတော့ မသိဘူး” ဟု ၄င်းက ပြောသည်။

တောင်ခေါင်းကြီးနှင့် တောင်ခေါင်းငယ်ကြားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအနီး ပစ်ခတ်မှုအနည်းငယ်ရှိခဲ့ကြောင်း၊ ထိုနေရာတွင် တပ်မတော်သားများနှင့် ရဲဝန်ထမ်းများကိုလည်း တွေ့ခဲ့ရကြောင်း ခရီးသွားပြည်သူများ၏ပြောဆိုချက်များအား ကိုးကားပြီး ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “မိုင်းကွဲတာက ဘယ်လိုဖြစ်လဲ ဆိုတော့ AA ထောင်လို့ မိုင်းကွဲတာလေ။ ဘာမှမဖြစ်ပါဘူးဗျာ။ AA ကြောက်အားလန့်အားနဲ့ အဝေးကနေ ဆွဲသွားတာ ဘာမှမဖြစ်ပါဘူး။ အဝေးကနေဆွဲတာ ရီမုတ်မိုင်း။ ရွာသားတွေထိရင်တော့ မပြောတတ်ဘူး။ တပ်ကတော့ မထိဘူး”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘူးသီးတောင် ၂၆၃၊ ၂၃၃ တပ်ရင်းမှ လမ်းသွား လမ်းလာ များအား စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။

-------------------









ဆက်စပ် သတင်းများ