သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိမိတို့၏လိုလားချက်များကို လက်နက်ကိုင်ပြီး အကြမ်းနည်းနှင့် တောင်းဆိုရန်လိုသလားဟု ဒေါ်အောင်ဆန်းစုကြည်မေးခွန်းထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

မာန်ယုကျော် (ရွှေဝမြေ)၊ ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၉

မိမိတို့၏လိုလားချက်များကို လက်နက်ကိုင်ပြီး အကြမ်းနည်းနှင့် တောင်းဆိုရန်လိုသလားဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာရှိ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"အရင်တုန်းက အချိန်မရွေး နေရာမရွေး အေးအေးချမ်းချမ်း အသက်မွေးဝမ်းကြောင်းကို ရှာနိုင်တဲ့နေရာတွေမှာ အခုကျီးလန့်စာစားလျက်ဖြစ်နေကြတာ ။ ဒီလို မိမိတို့လုပ်ရပ်ကြောင့် ကိုယ်ရဲ့ဆွေမျိုးတွေ၊ ညီကိုမောင်နှမတွေ ဒုက္ခပင်လယ်ဝေနေကြပြီလားဆိုတာကို သေသေချာချာစူးစမ်း ဂရုစိုက်ကြဖို့လိုပါတယ်။ အထူးသဖြင့် ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေရှိလာပြီ။ ပြည်သူ့ဆန္ဒကို အလေးထားတဲ့ ပြည်သူ့ အစိုးရ ရှိလာပြီ။ တိုင်းရင်းသား မိဘပြည်သူများမျှော်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ရှိလာပြီ။ ဒီလိုအချိန်မှာ ကိုယ်ရဲ့လိုလားချက်တွေကို လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့ တောင်းဆိုဖို့လိုပါရဲ့လား။ အကြမ်းနည်းကြောင့် မိမိတို့ ဆွေမျိုးသားချင်းတွေ ထိခိုက်ခံစားနေရတာ တကယ်ပဲ လိုအပ်လို့လား။"ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏မေးခွန်းထုတ်မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နှစ်ပေါင်း ၇ဝ ကျော် ပြည်တွင်းစစ်ဖြစ်နေသည့်အပေါ် မည်သို့ဖြေရှင်းမည်ဆိုသည်ကို အာမခံချက်ပေးရန်လိုပြီး ယခုမေးခွန်းထုတ်မှုကို လက်ခံနိုင်စရာမရှိဟုဆိုသည်။

"အဲလိုမျိုး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ စကားမျိုးပြောလို့တော့၊ ပြီးစလွယ်ပြောလို့တော့ မရဘူးလေ။ နှစ်ပေါင်း ၇ဝ ကျော် ဘာကြောင့် ပြည်တွင်းစစ်ဖြစ်နေလဲဆိုတဲ့ဥစ္စာကို၊ ပြီးလို့ရှိရင် သူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အာမခံချက်ပေးဖို့တော့ လိုတာပေါ့။ အဲလိုမျိုး ကလေးကလားဆန်ဆန်ပြောတဲ့ဥစ္စာတော့ ဒါ လက်ခံနိုင်စရာမရှိတဲ့ကိစ္စပဲ။"ဟု ခိုင်သုခက ပြောသည်။

မိမိတို့၏လိုအပ်ချက်များကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ဆွေးနွေးအဖြေရှာမည်ဆိုလျှင် အားလုံးထိခိုက်မှုအနည်းဆုံး အဖြေတူသည်များကို သေသေချာချာစဉ်းစားသုံးသပ်ရန်လိုပြီး လက်နက်ကိုင်သည်ဆိုသည်မှာ သတ္တိရှိသည့်လူမဟုတ်ဟုလည်း ပြောဆိုခဲ့သည်။

"လက်နက်ကိုင်တယ်ဆိုတာ သတ္တိရှိတဲ့လူမဟုတ်ပါဘူး။ လက်နက်မကိုင်ဘဲနဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် ဇွဲ၊ ဝိရိယနဲ့ သွားနိုင်မှ ဒါမှ ရဲစွမ်းသတ္တိပါ။ လက်နက်ကိုင်မှ သတ္တိရှိတဲ့လူဆိုတာ လက်နက်မရှိလို့ရှိရင် ကိုယ်က ဘာမှ မဟုတ်တော့ဘူးဆိုတာပါ။"ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်စက်ရုံဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်အမှာစကားပြောပြီးနောက် မာန်အောင်လူထုနှင့်လည်းတွေ့ဆုံကာ နံနက် ၁၁ နာရီကျော်အချိန်တွင် မာန်အောင်မြို့မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့သို့ရောက်ရှိမည်ဖြစ်၍ မြို့လုံခြုံရေးကို ရဲအင်အား ၂ဝဝ နှင့် တပ်မတော်သားအင်အား ၂ဝဝ ကျော်တို့က လုံခြုံရေးအထူးတင်းကျပ်ခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့သို့ မရောက်မီနာရီပိုင်းအလို ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် မာန်အောင်မြို့နယ် ငအင်းကျေးရွာသင်္ချိုင်းအနီး မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်မာန်အောင်ခရီးစဉ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးအချို့လည်း လိုက်ပါခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ယူပြီးနောက် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ နေ့ချင်းပြန်ခရီးသွားရောက်ခဲ့သလို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း သံတွဲမြို့ ငပလီမြို့၌ပြုလုပ်သော ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုပွဲတော်သို့ နေ့ချင်းပြန် တက်ရောက်ခဲ့သည်။

====================

Unicode -














ဆက်စပ် သတင်းများ