သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲများ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်တို့ထိ ကျယ်ပြန့်ဖြစ်ပွားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.3k

သိန်းဇော်(မောင်တော)- ဆောင်းဇာခြည်
စစ်တွေ၊ ဒီဇင်ဘာ ၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှာ ယခုအခါ ရခိုင်ပြည်နယ် အလယ်ပိုင်း မြေပုံမြို့နယ်၊ အမ်းမြို့နယ်တို့ထိ ကျယ်ပြန့် ပြင်းထန်စွာ ဖြစ်ပွားလာနေကြောင်း သတင်းရရှိသည်။ 

မြေပုံမြို့နယ် နှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေခြင်းမှာ ၃ ရက်ရှိပြီဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“တိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျနော်။ သုံးရက်တောင်ရှိနေပြီး ဒါဘဲပြောလို့ရမယ်။ လေယာဉ်ကတော့ အပေါ်ကတော့ ကင်းထောက်ဝဲတာကတော့ရှိတယ်။ ဒီနေ့တိုက်ပွဲဖြစ်တာ ပလက်ဝ မြောက်ခြမ်းမှာဖြစ်တယ်။ အဲမြေပုံမြို့နယ်ထဲမှာဖြစ်တယ်။ အဲနှစ်နေရာ ဖြစ်တယ်။ အဲဒါဘဲပြောလို့ရမယ်။ ကျန်တာတော့ ကျနော်လည်း ဂဃနဏ မသိသေးဘူး” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

အမ်းမြို့နယ် ဒလက်ချောင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ရဟတ်ယာဉ်များ ဝဲပျံနေသည်ကို မြင်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

ကဇူးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ယမန်နေ့ (ဒီဇင်ဘာ ၂၅ ) ရက်နေ့ တိုက်ပွဲမှာ ပြင်းထန်ကြောင်း၊ တစ်နေ့ကုန် ဖြစ်ပွားခဲ့သည်ဟု ပြောကြားသည်။

“ ဖြစ်တာကတော့ မနက် ၇ နာရီကတည်းက စတယ်လို့ ပြောရမှာပေါ့။ ညနေပိုင်းလောက်မှ ရပ်သွားတယ်။ ဖြစ်တဲ့ နေရာက အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ် ဒလက်ချောင်းများ အဲဒီအစပ် နေရာတွေလို့ ထင်ရပါတယ်။ ရဟတ်ယာဉ်တွေနဲ့ တိုက်တာရော၊ လက်နက်ကြီးသံတွေကိုရော ကြားနေရပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

မြေပုံမြို့နယ်တွင် စညင်းကျေးရွာနှင့် လီသွန်ကျေးရွာအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းအနီးရှိ တောင်တန်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်က တပ်မတော်က ရဟတ်ယာဉ်များဖြင့် ပစ်ကူ တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု  မျက်မြင် ဒေသခံများက ပြောသည်။

“ဂျက်လေယာဉ် ၁ စီးနဲ့ ရဟတ်ယာဉ် ၂ စီး ပစ်တာ။ ဂျက်လေယာဉ်က နေ့လယ် ၁ နာရီခွဲလောက်က လာပြီး အရင် စပစ်ပါတယ်။ ပြီးတော့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တာပါ။ နောက်တော့ သုံးစီးတစ်ခါတည်း ပြိုင်တူပစ်ပါတယ်။ ပြီးမှ အဲဒီ ၃ စီးက အမ်းဘက်ကို ပျံပြီး သွားကြပါတယ်။ လက်နက်ကြီးကတော့ ဆက်တိုက်ပစ်နေပါတယ် ”ဟု စညင်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ချိန်မှာ ၂၅ မိနစ်ခန့်ကြာသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် စညင်းကျေးရွာတို့မှာ ၃ မိုင်ခန့်ဝေးကွာကြောင်း၊ စညင်းကျေးရွာနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာအကြား ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီးရှိကြောင်း ဒေသခံများ ပြောသည်။ 

“ပစ်တာကတော့ ဒီတိုက်ပွဲဖြစ်တဲ့နေရာတွေကို ပစ်တာမဟုတ်ပါဘူး။ ရွာအနားက ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းရှိတယ်။ အဲဒီကားလမ်းနားဘက်တွေကို ပစ်တယ်။ ရွာနားကို ပစ်ခတ်နေတာဆိုတော့ လူတွေက မနေရဲကြတော့ဘူး”ဟု စညင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း အဆိုပါ စညင်းကျေးရွာနှင့် လီသွန်ကျေးရွာတို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ စစ်လေယာဉ် ၂ စီးဖြင့်ပစ်ခတ်ခဲ့သည့်အတွက် စညင်းကျေးရွာ၊ အင်ကြင်းကျေးရွာနှင့် ဟင်းခရော်ကျေးရွာတို့မှ ဒေသခံများမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်( AA) ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်ရာ တိုက်ပွဲမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ စတင်ပြီး ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ မြေပုံမြို့နယ် စညင်းရွာရဲ့ တောင်ဘက် ၃ ကီလိုမီတာလောက် အကွာမှာရှိတဲ့ ကားလမ်းမပေါ့နော်။ စစ်တွေ- ရန်ကုန် အဝေးပြေးလမ်းမှာပေါ့နော်။ နေ့လယ် တစ်နာရီကစပြီးတော့ တိုက်ပွဲ အပြင်းအထန်ဖြစ်တာ ရှိတယ်။ အဲဒီမှာ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုများလို့ ဒီရဟတ်ယာဉ် နှစ်စီးနဲ့ သူတို့ဘက်က လာပစ်တာ ရှိတယ်။ နောက်တစ်နေရာကတော့ ပုဏ္ဏားကျွန်းမြို့ ပေါက်တောရွာအနီးမှာ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရှိတဲ့ နေရာတစ်ခုကို ချဉ်းကပ်လာတဲ့ စစ်ကြောင်းတစ်ခုကို ကျွန်တော်တို့ဘက်ကနေ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ရန်သူ့ဘက်က ထိခိုက် ကျဆုံးခဲ့တာ ရှိတယ်ဗျ” ဟု ခိုင်သုခက ပြောသည်။

တိုက်ပွဲများမှာ လက်ရှိ မြို့နယ် သုံးခုတွင် ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ မြို့နယ် သုံးခုမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၅ဝ လောက်မှာ ပလက်ဝမြို့နယ် နှုန်းဘူးရွာရဲ့ အနောက်တောင်ဘက်ပေါ့နော်။အဲဒီ ၂  ဒသမ ၆ ကီလိုမီတာ လောက်ရှိတဲ့ တောင်တန်းတွေပေါ်မှာ တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်ခဲ့တာ ရှိတယ်။ အဲဒီတိုက်ပွဲမှာတော့ တပ်မ ၁၁ ရဲ့ လက်အောက်ခံ ခမရ ၂၁၄ စစ်လက်နက် ပစ္စည်းတစ်ချို့ သိမ်းဆည်း ရမိတာ ရှိတယ်။နောက်ပြီးလို့ရှိရင် အဲဒီမှာ ရန်သူ့အလောင်းတစ်ချို့ သိမ်းဆည်း ရမိတာ ရှိတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်းပဲ အဲဒီနေရာမှာပဲ ကျွန်တော်တို့ မနက် ၈ နာရီ ၄၅ မိနစ်က စပြီးတော့ ဆက်ပြီးတော့ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ ဆိုတော့ ဒီနေ့တော့ တစ်နေ့လုံး နီးပါး တိုက်ပွဲ တောက်လျှောက်ဖြစ်တယ်ဗျ။ ဒီဇင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲ အသေးစိတ်ကတော့ မသိရသေးဘူးဗျ”ဟု ပြောသည်။ 

ထိုသို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် အနီးအနားရှိ ကျေးရွာသားများမှာ ထွက်ပြေးနေကြရသည်ဟု သိရသည်။

အမ်းမြို့နယ် စျေးတောင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်က “ဒီနေ့တော့ ဒီညနေ ၃ နာရီခွဲမှာ မဲလက်မောင်းရွာက စစ်ရှောင် အိမ်ထောင်စု ၁၇ ရောက်လာတယ်။ လူဦးရေက ကျား/မ စုစုပေါင်း ၆၅ ယောက်။ လောလောဆယ်မှာ အချိန် မရသေးလို့ အမှတ်(၄)စျေးတောင် ရပ်ကွက် ခရစ်ယာန် ကျောင်းမှာ ခဏလေးထားတယ်။ ချင်းအမျိုးသားတွေ အားလုံးလေ။ ပါလာတာက ကလေးတွေ ကလေး အမေတွေကြီးဘဲ။ ယောကျ်ားတွေက အဲဒီမှာ အိမ်စောင့်ပြီး ကျန်ခဲ့တယ်တဲ့။ သူတို့ကတိုက်ပွဲဖြစ်လို့ပြေးလာတယ်လို့ပြောတယ်” ဟု ပြောသည်။

-------------------------------------------

Unicode:




















ဆက်စပ် သတင်းများ