သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် စေတီယျတောင်အနီးတပ်ရင်းမှ ပေါက်ကွဲသံများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စေတီယျတောင်အနီး တပ်ရင်းမှ ယနေ့နံနက်ပိုင်းက ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်က ကျောက်ဖြူမြို့နယ် စေတီယျတောင်တန်းအနီး ပေါက်ကွဲသံများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြရသည်ဟု သိရသည်။

၎င်း ပေါက်ကွဲမှုမှာ အမှတ် ၅၄၂ ၊ ၅၄၃ တပ်ရင်းများမှ မိုင်းကြွင်း မိုင်းကျန်များကို ရှင်းလင်းဖယ်ရှားစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးအား ကိုးကားပြီး ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျောက်ဖြူကတစ်ယောက်က ပြောတာကတော့ စေတီယျတောင်နားက ပေါက်တာလို့ပြောပါတယ်။ အဓိက ကတော့ တပ်ရင်းမှာရှိတဲ့မိုင်းကျန်တွေကို ကျန်နေတဲ့မိုင်းကို ရှင်းတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်။ လမ်းဘေးနားက ထောင်လို့ ပေါက်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ ဒေသခံတွေက အဲဒီလိုဘဲထင်ကြတယ်။ အမှန်တကယ်မိုင်းပေါက်တယ်ဆိုရင် တခုခုပေါက်တယ်ဆိုရင် လူထိခိုက်တာမျိုး ဘာညာတော့ မရှိဘူး။ မတွေ့ဘူးလို့ပြောတယ်” ဟု ဦးကျော်လွင်က ပြောသည်။

တပ်ရင်းအနီးတွင်ရှိနေသူများအား မေးမြန်းစဉ် မိုင်းလက်ကျန် မိုင်းအဟောင်း ဒိတ်လွန်များအား ရှင်းလင်းချိန် ပေါက်ကွဲခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ငလပွေ့ကျေးရွာသားတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ငလပွေ့ကျေးရွာသားတစ်ဦးက “မှန်ပါတယ်။ မနက်အစော ၉ နာရီကျော်လောက်ကပါ။ သူတို့တပ်ရင်း မြောက်ဘက်အခြမ်းက တပ်အပြင်ဘက်မှာလိုပြောပါတယ်။ သူတို့မှာ အုတ်တံတိုင်းကာထားပါတယ်။ အဲဒီအုတ်တံတိုင်း အပြင်ဘက်ကနေပေါက်ကွဲတာ လို့ပြောပါတယ်။ ကျနော်တောင် ဓာတ်ပုံ ရိုက်ထားလိုက် ပါသေးတယ်” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု ၃ ချက်တိတိ ပေါ်ပေါက်ခဲ့ပြီး ထိုပေါက်ကွဲမှုအား အနီးမှ စေတီယျ၊ ဂုံးချိန်၊ အုန်းတော ကျေးရွာသားများက ကြားခဲ့ကြသည်။

၎င်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ပျံ့နှံ့နေပြီး လူထု အကြား စိုးရိမ်မှုများရှိနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“  တပ်လှန့်တာလား၊ နောက်အခြားအဖွဲ့အစည်းတစ်ခုခုမှ လာထောင်ပြီးပေါက်ကွဲတာလား မသိဘူး။  ဝေဖန်မှုတွေကတော့ အမျိုးမျိုး ဖြစ်ပေါ်နေတာပေါ့” ဟု ၎င်း ဒေသခံက ပြောသည်။

-------------------------------

Unicode;












ဆက်စပ် သတင်းများ