သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲ (၆) ရက်မြောက်နေ့တွင် ဘူးသီးတောင်မြို့နယ်အုတ်တောင်ရွာအနီးရှိတောင်တန်းကို ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂ဝ၁၉

ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲ ခြောက်ရက်မြောက်နေ့ ယနေ့တွင် တိုက်ပွဲဖြစ်ပွားရာ ကနစိုးကိုင်းတောင်တန်းကို တပ်မတော်က ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ဒီကနေ့ ဂျက်နဲ့တိုက်ပါတယ်။ ဗုံးချတာပါ။ ရွာကလူတွေရော၊ နယ်ကလူတွေရော အကုန်မြင်ရပါတယ်။ ဂျက်ဆိုတာ ဗီဒီယိုရိုက်ပြီး တင်ထားတာတောင်ရှိပါတယ်။ တစ်စီးတည်းနဲ့ လာတိုက်တာပါ။ ကျွန်တော်တို့ရွာနဲ့ အခု ဖြစ်တဲ့ နေရာက နည်းနည်းဝေးပေမယ့် ဂျက်လေယာဉ် ပျံနေတာကိုရော၊ ဗုံးကြဲတဲ့ အသံတွေကိုရော ကြားရပါတယ်” ဟု အနီးအနားရှိ ဒေသခံမျက်မြင် တစ်ဦးက ပြောကြားသည်။

ယနေ့တွင် တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကနစိုးကိုင်း တောင်တန်းကို လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ တိုက်ပွဲဖြစ်တာက ၆ ရက်ရှိပါပြီ။ လွန်ခဲ့တဲ့ သောကြာနေ့က ရဟတ်ယာဉ်နှစ်စီးနဲ့ လာတိုက်ပါတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်တာရှိပေမယ့် ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်တာ မရှိပါဘူး။ မနေ့က တိုက်ပွဲက မနက် ၈ နာရီလောက်မှာ စဖြစ်တယ်။ ရပ်သွားတယ်။ ထပ်ဖြစ်တယ်။ တစ်နေ့လုံးလိုလို သေနတ်သံတွေကို ကြားရပါတယ်။ ဘူးသီးတောင်တပ်မကလည်း အဲဒီတောင်တန်းကို မနေ့က ပစ်ခတ်ခဲ့တာတွေရှိပါတယ်။ အရင်က အဲဒီရွာနားမှာ ခမီးလူမျိုးတွေနေခဲ့တဲ့ ကမ်းပိုင်ချောင်းရွာရှိပါတယ်။ အခုတော့ အဲဒီရွာမရှိတော့ဘူး။ အဲဒီအနားလောက်မှာ တိုက်ပွဲ ဖြစ်နေကြတာပါ” ဟု ၎င်းရွာသားက ပြောကြားသည်။

၎င်းတိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးတွင် ပြည်ရှည်၊ ဝမ်းတွင်း၊ အုတ်တောင်ရွာဟောင်း၊ အုတ်တောင်ရွာသစ်နှင့် အိမ်ခြေ သုံးလေးဆယ်ခန့်ရှိသော ကွန်ဒိုင် (ရခိုင်) ရွာတို့ တည်ရှိသည်ဟု သိရသည်။

ပြင်ရှည် ကျေးရွာသားတစ်ဦးက “ အခုတိုက်ပွဲဖြစ်ပွားနေတာက တောင်တန်းတွေမှာပါ။ ရွာနဲ့ နည်းနည်း ဝေးတော့ ကျွန်တော်တို့ ရွာသားတွေ ထွက်ပြေးကြတာတော့ မရှိပါဘူး။ ကြောက်တာတော့ ကြောက်ကြပါတယ်။ အသံတွေက တစ်ဂျိမ်းဂျိမ်းနဲ့ ကြားရတော့ အနီးအနားမှာရှိတဲ့ ရခိုင်၊ ဘင်္ဂလီတွေက အကုန်လုံးကြောက်နေကြရပါတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးရှိ အုတ်တောင်ရွာဟောင်းတွင် အိမ်ခြေ ၇ဝ ခန့်ရှိပြီး အုတ်တောင်ရွာသစ်တွင် အိမ်ခြေ ၆ဝ ခန့်ရှိကြောင်း၊ နေထိုင်ကြသည်မှာ ရခိုင်နှင့် ခမီလူမျိုးများဖြစ်ကြောင်း၊ ၎င်းကျေးရွာများမှာ မိန်းမနှင့် ကလေးငယ်များ ရွာကို စွန့်ခွာပြီး ဘူးသီးတောင်သို့ ထွက်သွားကြကြောင်း၊ အရေအတွက်မှာ  ကျေးရွာသားများ၏  ၄ ပုံ ၁ ပုံခန့်ဖြစ်ကြောင်း၊  ကြောက်လန့်စိုးရိမ်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များအား ကယ်ဆယ်စခန်းဖွင့်ပြီး စောင့်ရှောက်ထားသည့် ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ တိုက်ပွဲဖြစ်တာက ငါးရက် ခြောက်ရက် ရှိနေပါပြီ။ ဒီကနေ့မှာတော့ တပ်က ဂျက်နဲ့ တိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။ အခြေအနေကိုတော့ ဘယ်သူမှ အဲဒီ အနီးဝန်းကျင်ကို မသွားရဲတဲ့ အတွက် ဘာဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူး။ ရွာသားတွေ ထွက်ပြေးတဲ့ သတင်းကြားပေမယ့် အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂၉/ ၂ဝ၁၉









ဆက်စပ် သတင်းများ