သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့ထဲတွင် ပစ်ခတ်မှု ဖြစ်ပွား၊ မြို့တစ်ခုလုံးလျှပ်စစ်မီးပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 806

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့လယ်ကောင်တွင် ယနေ့ ည ၇ နာရီကျော်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့တွင်း ပေးဝေနေသော လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

မြို့ခံ တစ်ဦးက “ ညနေ ၇ နာရီကျော်လောက်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် မြို့ကို ဖြန့်ဖြူးနေတဲ့ လျှပ်စစ်မီးလုံးဝ ပိတ်သွားပါတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံစွာကြားရပါတယ်။ တိုက်ပွဲဖြစ်သလား။ ဘာဖြစ်သလား။ ဘယ်သူမှ မပြောနိုင်ဘူး။ ည ၈ နာရီကျော်လောက်မှ ရပ်သွားပါတယ်။ အခုအချိန်ထိ မီးမလာသေးဘူး” ဟု ည ၈နာရီ ၁၅မိနစ်က ဆက်သွယ်စဉ် ပြောကြားသည်။

တပ်မတော်မှ တပ်သားအများအပြားကို သာသနာဗိမာန်၊ မြို့မ အထက်တန်းကျောင်းဟောင်း၊ ကံကြီးရှင်ဘုရား အပါအဝင် မြို့ထဲရှိ လမ်းမတစ်ဖက် တစ်ချက်တွင် နေရာချထားသည်ကို မွန်းလွဲပိုင်းထဲက တွေ့ရှိရသည်ဟု ကျောက်တော်မြို့မိ မြို့ဖ တစ်ဦးက ပြောသည်။

“ ကျွန်တော်က ဗိုလ်မှူးတစ်ဦးကို မေးကြည့်ပါတယ်။ သူပြောတာက မြို့လုံခြုံရေး လာယူတာလို့ ပြောပါတယ်။ တပ်သားတော်တော်များများချထားတာကို တွေ့ရတယ်။ အခုလက်ရှိ ဘာဖြစ်နေတယ်ဆိုတာ မပြောနိုင်ပါ။ ပစ်တာက နာရီဝက်ကျော်ကျော်လောက်ကျပါတယ်။ အခုတော့ ငြိမ်သွားပါပြီ ” ဟု ၎င်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကလည်း မြို့ထဲမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ဆက်တိုက်ကြားခဲ့ရပြီး သေနတ်သံများကြောင့် မြို့သူ မြို့သားများအားလုံး စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောဆိုသည်။

ကျောက်တော်မြို့ မိမြို့ဖ တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းအေးသို့ ဆက်သွယ်ရာ ဆေးခန်းပိတ်၍ အိမ်သို့ ပြန်ရန် ပြင်ဆင်နေချိန် သေနတ်သံများဆက်တိုက် ထွက်လာသဖြင့်  အိမ်သို့ မပြန်နိုင်ဘဲ ဝန်ထမ်းများနှင့် အတူ ဆေးခန်းထဲတွင် ပိတ်မိနေသည်ဟု ပြောကြားသည်။

“ သေနတ်ပစ်တာက တော်များများပစ်ပါတယ်။ လက်နက်ကြီးသံတွေက မြို့တစ်ခုလုံး သိမ့်သိမ့်တုန်သွားတယ်။ ဘာကြောင့် ပစ်တယ်။ ဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ လျှပ်စစ်မီးကိုလည်း ပိတ်ထားတယ်။ အခုက အိမ်မပြန်နိုင်ဘဲ ဆေးခန်းထဲမှာ ဝန်ထမ်းတွေပါ အကုန်လုံး ပိတ်မိနေကြပါတယ်” ဟု ပြောကြားသည်။

စျေးဆိုင်ရောင်းသူအများအပြားမှာလည်း အိမ်သို့ မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း၊ အိမ်တစ်ချို့၏ ခေါင်မိုးများကို ကျည်ဆံထိမှန်မှုများရှိကြောင်း၊ အထိအခိုက် အပျက်အစီးများကို မသိရကြောင်း ကျောက်တော် ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/ ၂ဝ၁၉









ဆက်စပ် သတင်းများ