သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့တွင်းပစ်ခတ်မှု အရပ်သားနှစ်ဦးဒဏ်ရာရ၊ အစိုးရရုံးနှင့်နေအိမ်အချို့ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k

ချစ်အိလှိုင်(စစ်တွေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲတွင် ဒီဇင်ဘာလ ၃ဝ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အရပ်သားနှစ်ဦး အနည်းငယ်စီ ဒဏ်ရာရရှိပြီး နေအိမ်နှင့် အစိုးရရုံး အချို့ ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူများမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဒေါ်မဲမဦး (၇၈)နှစ် နှင့် ဒေါ်သီရိနိုင်(၂၄)နှစ် တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ်ဆေးရုံကို ပို့ဆောင်ကာ လက်ရှိတွင် အိမ်သို့ ပြန်ဆင်းလာကြပြီဟု သိရသည်။

“မြို့သစ်ရပ်ကွက်မှ ဒေါ်မဲမဦးမှာ ဘယ်ဘက်ရင်အုံမှာ သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သလို  မြို့မရပ်ကွက်က  ဒေါ်သီရိနိုင်မှာလည်း ဘယ်ဘက်ပေါင်မှာ ကျည်စထိမှန်ခဲ့ပါတယ်။ ဆေးရုံကို ပို့ဆောင်ခဲ့ရပေမယ့် လောလောဆယ်တော့ ဆေးရုံက ဆင်းလာခဲ့ကြပါပြီ ” ဟု  ကျောက်တော်မြို့ရှိ ဖြူစင်မေတ္တာ ပရဟိတအသင်းဥက္ကဋ္ဌ ကိုညီဘုက ပြောသည်။

သေနတ်ကျည်ဆံများထိမှန်၍ မြို့မရပ်ကွက်မှ ဦးကျော်သန်း နေအိမ်ခေါင်မိုး မျက်နှာကြက်များ ပေါက်ပြဲသွားခဲ့သလို ကျောက်တော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးခေါင်မိုးပွင့်ထွက်သွားခဲ့ကာ ကွန်ပျူတာ ၃ လုံးအပါအဝင် ရုံးသုံးပစ္စည်းများနှင့် မြို့ပေါ်ရှိ လူနေအိမ် အချို့လည်း ကျည်ထိမှန် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြို့မရပ်ကွက်မှ နေအိမ်ပျက်စီးသွားသူ ဦးကျော်သန်းက “ဦးလေးတို့အိမ်ခေါင်မိုးပေါက်ထွက်သွားပါတယ်။ ပစ်ပြီး ခဏနေတာနဲ့ မီးလည်းပြတ်သွားတယ်။ အိမ်အောက်မှာ တစ်မိသားစုလုံး မလှုပ်ရဲကြဘူး။ အရပ်သားတွေ ထိခိုက် ပျက်စီးမှုတွေ ရှိလာတာတော့ စိတ်မကောင်းဘူး။ မဖြစ်စေချင်ဘူး” ဟု နိဥ္စရာသတင်းဌာနသို့  ပြောသည်။

ယမန်နေ့ ည ၈ နာရီခန့်တွင်ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုမှာ အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း  ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် မြို့တွင်း၌ လျှပ်စစ်မီးလည်း ပြတ်တောက်သွားခဲ့ကာ မြို့လူထုသည်လည်း အလွန်တရာ စိုးရိမ် ကြောက်လန့်ခဲ့ရသည်ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့ရှိ ဖြူစင်မေတ္တာ ပရဟိတအသင်းဥက္ကဋ္ဌ ကိုညီဘုက” ကျွန်တော်တို့ ရုံးမှာလည်း ရုံးခေါင်မိုးတွေ နဲ့ နံရံတွေ ပွင့်ထွက်ကုန်တာ ဘာတစ်ခုမှ မရတော့ပါဘူး။ မနေ့က ပစ်တာလည်း တစ်ဖက်တည်းက ပစ်နေတောဆိုတော့ ဘယ်သူပစ်တယ်ဆိုတာမသိဘူး။ ပြည်သူတွေ မထိခိုက်စေချင်ပါဘူး” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ ဆပ်သွယ်ရာ ၎င်းက ယမန်နေ့ညက ကျောက်တော်မြို့အတွင်း တပ်မတော်မှ မြို့လုံခြုံရေး ယူထားစဉ် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မြို့လုံခြုံရေးတွက်ကင်းတွေ ချထားတာကို ဒီကောင်တွေလာပစ်တာ။ တစ်ချက်မှ ဒီကပြန်မပစ်လိုက်ဘူး။ ပြည်သူတွေ ထိခိုက်တာ ဒီကောင်တွေလုပ်တာ” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား  နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရာ ကျောက်တော်မြို့အတွင်း ပစ်ခတ်မှုကို စစ်တပ်က တစ်ဖက်သတ် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“ မနေ့က ည ၇ နာရီ မိနစ် ၃ဝကနေ  မိနစ် ၄ဝ ထိ ၁ဝ မိနစ်ကြာ တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်မှုတွေကို ကျောက်တော်မြို့ အတွင်းမှာ မြန်မာစစ်တပ်ဘက်က နေပြီးတော့ လုပ်ဆောင်ခဲ့တာ ရှိတယ်။ ပစ်တဲ့ နေရာတွေကတော့ အထက (၂)ရယ်၊ ရွှေကျောင်းရယ်၊ နောက်တစ်ခုက ရဲစခန်း၊ အဲဒီသုံးနေရာက နေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာ။ အဓိကတော့ ပြည်သူတွေ ကြောက်လန့်အောင် သူရဲဘောကြောင်စွာနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးမြင့်နိုင်တို့အား ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

ယမန်နေ့ညက ကျောက်တော်မြို့တွင်းပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးမှာ ယနေ့နံနက်က ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ကြပြီး ဒဏ်ရာသက်သာလာသဖြင့် နေအိမ်သို့ ပြန်ဆင်းခိုင်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၃၁ / ၂ဝ၁၉














------------------------------



ဆက်စပ် သတင်းများ