သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် ထင်းထမ်းလာသူ မူဆလင်တစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှ ထင်းထမ်းလာသူ မူဆလင်တစ်ဦး ယနေ့နံနက်က သေနတ်ပစ်ခံရ၍ ကျည်ဆံ ထိမှန်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားသူမှာ ဆင်သေပြင်ကျေးရွာမှ အာမာန်အူလာ(၃ဝ)နှစ် (ဘ)  ဦးကာလာမျာ ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သျှသျှားတောင်ကျေးရွာအနီး ယနေ့ ညဉ့် ၂ နာရီ ၄ဝ မိနစ် ခန့်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ထင်းထမ်း လာသော ဆင်သေပြင်ကျေးရွာမှ မူဆလင်တစ်ဦး ကျေးရွာအနီးတွင်  ယနေ့ နံနက် ၈ နာရီ ခွဲခန့်က သေနတ်ပစ်ခံရ၍ ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဆင်သေပြင် ကျေးရွာမှ ရာအိမ်မှူးက  နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သူက ရွာအနောက်ဘက် ရွာနဲ့ လက်တောင် ၁ဝဝ အကွာအဝေးလောက်မှာ ထင်းထမ်းနေတာ။ ထင်းထမ်းပြီးလာတဲ့အချိန်မှာ သုံးဆယ့်တစ်ဘုံဘုရားမှာရှိတဲ့ စစ်တပ်က လူမှားပြီး ပစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ လူနာကို ထမ်းလာတယ်ထင်ပြီး သေနတ်နဲ့ပစ်တယ်လို့ သူက ပြောပါတယ်။ ညာဘက်ဒူးမှာ ကျည်ဆံ တစ်ချက်ထိသွားတယ်။ ကျည်ဆံက အထဲမှာရှိနေတယ်။ အခု ဘူးသီးတောင် ဆေးရုံကို ယူလာ နေပါတယ်”ဟု ပြောသည်။

စစ်တပ်က ပစ်သည်ဟု ရာအိမ်မှူးက ပြောဆိုသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ ၁၁ နာရီ ၄၄ မိနစ်ခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါ။

ဒုတိယအကြိမ် အင်တာနက် ဖြတ်တောက်ခံလိုက်ရသည့် ရခိုင်ပြည်နယ်ထဲမှ ဘူးသီးတောင် မြို့နယ် နှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံများက ပြောကြားသည်။

---------------------------------

Unicode:









ဆက်စပ် သတင်းများ