သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ဝင်ရောက် မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၆ နာရီကျော်အချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်လာပြီး လူနေအိမ် များကို ဝင်ရောက် ရှာဖွေ မွှေနှောက်မှုများ ပြုလုပ်ခဲ့သလို ကျေးရွာသားများအားလည်း စစ်ဆေး မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“ မနက် ၆ နာရီလောက်ကနေ့ ရွာထဲကို ဝင်လာပြီး အိမ်တွေကိုတက်ပြီးမွှေပါတယ်။ လူတွေတောင် အိပ်ရာက မထကြသေးဘူး။ တချို့အိမ်တွေဆိုရင် အိုး၊ ခွက်၊ ပန်းကန်ကအစ မွှေတယ်။ ဘာရှာလဲလို့ မေးတော့ လူငယ်တွေရှိတဲ့ အိမ်တွေကိုမွှေတာလို့ ပြောတယ်။ အေအေ ရှိလား မေးတယ်။ မရှိဘူးလို့ ပြောလိုက်ပါတယ်” ဟု သင်္ဂနက်ကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဌေးဌေးစံက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ကျေးရွာအတွင်းက နေအိမ်များကိုမွှေနှောက် ရှာဖွေခဲ့သော်လည်း ကျေးရွာ သားများကို ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ကျေးရွာအတွင်းက ဆွေမျိုးများကို အလုပ်ကူရန်ရောက်ရှိနေသည် လူငယ်သုံးလေးဦးအား အချိန်အတော်ကြာစစ်ဆေးခဲ့သည်ဟု ဒေါ်ဌေးဌေးစံက ပြောသည်။

သင်္ဂနက်ကျေးရွာသည် အိမ်ခြေ ၁၅ဝ ခန့်ရှိပြီး ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့ အကြားတည်ရှိကြောင်း၊ မွေနှောက်ရှာဖွေမှုအတွင်း ၎င်းရွာမှ ဒေါ်မသန်းရီနန့် ဒေါ်အဖြူချေတို့တွင် ၎င်းတို့၏ ဖုန်း တစ်ယောက်တစ်လုံးစီ ပျောက်ဆုံးသွားကြောင်း ဒေါ်ဌေးဌေးစံက ပြောဆိုသည်။

“ဦးဇင်းက ၇ နာရီလောက်မှာ ဘုရားဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ဦးဇင်းဆီကိုလည်း တပ်မတော်က ရဲဘော် ၃ ယောက် ရောက်လာတယ်။ လူသစ်တွေရောက်နေတာ ရှိလားလို့ မေးတော့ မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါတစ်ခုတည်းမဟုတ်ဘူး။ ဦးဇင်းတို့ သင်္ဂနက်ကျေးရွာမှာ တစ်အိမ်ဝင်တစ်အိ်မ်ဆင်း စောင်တွေကို၊ ခေါင်းအုံးတွေကို လှန်ပြီး ရှာတယ်။ သောက်ဆေးပြား တွေကို တွေ့ရင်လည်း ဒီဆေးကဘယ်သူသောက်တာလဲ အဲလိုခြောက်လှန့်ပြီးမှ အမျိုးမျိုး မေးတာရှိတယ်။ သားသမီးတွေ နိုင်ငံခြားမှာရှိလား အဲလိုတွေ ပေါက်ကရတွေ မေးတာတော့ ရှိတယ်။ ရိုက်နှက်ပြီးမေးတာတော့မရှိဘူး ” ဟု သင်္ဂနက်ကျေးရွာမှ ဦးဇင်း ဦးစရဏ က မိန့်ကြားသည်။

အဆိုပါစစ်ကြောင်းသည် မနက် ၆ နာရီကျော်အချိန်ခန့်တွင်ရောက်ရှိလာပြီး စစ်ဆေး မွှေနှောက်ပြီးနောက် မနက် ၁ဝ နာရီကျော်အချိန်ခန့်တွင် ကျေးရွာအတွင်းမှ ထွက်ခွာ သွားကြကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်ဇော်ဦးတို့ကို ယနေ့ နံနက် ၁၁ နာရီခွဲကျော်အချိန်က ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

-------------------------------

Unicode:

 
နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၅
 








ဆက်စပ် သတင်းများ