သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော် တင်းမကျေးရွာမှ လယ်သမားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်ေ၊ ကျာက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လယ်သမားတစ်ဦး ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ တင်းမကျေးရွာမှ လယ်သမား ဦးမောင်သိန်းလှ (၆၈) နှစ်ဖြစ်ကြောင်း သိရသည်။

“တပ်မက ပစ်လိုက်တာပါ။ ကျွန်တော့်အဖေက နွားတွေကို ရေသွားတိုက်တာ၊ အိမ်ပြန်လာတာပါ။ အဲဒီမှာ ရေချိုးမယ်ဆိုပြီး မြစ်ကမ်းဘေးကို ဆင်းတယ်။ အဲဒီမှာ လက်နက်ကြီးတွေက ပစ်နေတော့ ရေမချိုးသေးဘဲ ချောင်းကမ်းနားက သစ်ပင်အောက်မှာ ထိုင်နေတာပါ။ အဲဒီမှာ လက်နက်ကြီးက လာစင်ပြီး ကျသွားတာပါ” ဟု ဒဏ်ရရှိသွားသူ၏ သားဖြစ်သူ ဦးဦးဆန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

လက်နက်ကြီး ကျည်စထိမှန်သွားသည့် ဦးမောင်သိန်းလှမှာ ညာဘက် ရင်ဘတ်တွင် လက်တစ်ဆစ်ခန့် ကျည်စ ထိုးဝင်သွားကြောင်း သိရသည်။

“စကခ ၉ တပ်ရင်းက ပစ်လိုက်တာပါ။ ဒေါင်းတော်ယိုး တပ်မပါ။ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ ကျောက်တော်မြို့နယ် ဝက်မကျရွာအရှေ့ဘက်ကမ်းကမှာက လက်နက်ပစ်သံတွေ ကြားရပါတယ်။ ကျွန်တော်တို့ရွာနဲ့ဆိုရင် ၁ ဖာလုံခွဲကျော်ကျော်လောက် ရှိပါတယ်။ ဝက်မကျ ဘက်ကို လှမ်းပစ်နေတာ ဒီဘက်ကို လာစင်ပါတယ်။ ဒဏ်ရာက သိပ်မပြင်းတော့ ရွာမှာ ဆေးဆရာတွေက အဲဒီကျည်စကို ထုတ်ပေးနေပါတယ်။”ဟု တင်းမကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သားဖြစ်သူနှင့် ရွာသားများက တပ်က ပစ်လိုက်သော လက်နက်ကြီးကျည်ဟု ပြောဆိုသဖြင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

“အဲဒီလူက မြစ်ကမ်းနားမှာ ရေသွားချိုးတာ။ လက်နက်ကြီးကျည်က ပန်ကာပါတဲ့ လက်နက်မျိုးက မြစ်ထဲကိုကျပြီးတော့ လာစင်တာ။ ညာဘက်က နို့အုံ အနားမှာ ဒဏ်ရာရသွားတာပါ။ အခြေနေကတော့ သိပ်တော့ စိုးရိမ်စရာတော့ မရှိပါဘူး။ သွေးနည်းနည်း ထွက်တယ်။ လက်နက် အစ ဝင်သွားတာ။ သွေးကတော့ ထွက်ပါတယ်။” ဟုလည်း တင်းမကျေးရွာမှ ဦးဦးစောသိန်းက နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ထိုသတင်းအား မကြားမိသေးကြောင်း ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင် သိရသည်။

----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၈/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ