သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်မီးချောင်း တိုက်ပွဲ ဆက်လက်ပြင်းထန်၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်း တံတားအနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး မြန်မာ တပ်မတော်ကေ ဖဖော်ဝါရီ ၁၉ ရက် နေ့ကလည်း ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာ ဦးထွန်းသိန်းလှက ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များဖြင့် မီးချောင်းတံတားအနီးရှိ တောင်တန်းများအား ယမန်နေ့  နေ့လယ် ၁၂ နာရီ ကျော်ခန့်က လာရောက် ဗုံးကြဲခဲ့ကြောင်း၊ တိုက်ပွဲမှာ နေ့လယ် ၁ နာရီ ၁၈ မိနစ် အချိန်ထိ မရပ်သေးကြောင်း ယမန်နေ့က ဆက်သွယ်စဉ် ၎င်းက ပြောသည်။

အနိီးအနားရှိ တင်းမကျေးရွာမှ အမျိုးသမီးတစ်ဦးက “ ကျွန်မတို့ရွာကနေ အသံအကျယ်ကြီး ကြားရတယ်။ နေ့လယ် ၁၂ နာရီကျော်လောက်က စဖြစ်တာပါ။ ပစ်ခတ်သံတွေကတော့ ဆူညံနေပါတယ်။ တကယ့်ကို ကြီးကြီးမားမားကြားရတာပါ” ဟု ပြောကြားသည်။

မီးချောင်းတံတားအနီး တောင်တန်းများတွင် ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်မှစ၍ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် တပ်မတော်မှ ပစ်ခတ်တိုက်ခတ်ခဲ့ပြီး၊ ကျောက်တော် မြို့နယ် တင်းမကျေးရွာ အနီးရှိ တောင်ကုန်းငယ် တစ်ခုပေါ်တွင် တည်ဆောက် ထားသည့် ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ မြန်မာ့ တပ်မတော် စစ်ကြောင်း အင်အား ၁၅ဝ ခန့် ဝင်ရောက်လာသဖြင့် ကျေးရွာ သားများ ကြောက်လန့်ထွက်ပြေးနေကြသည်ဟု ဆိုသည်။

တင်းမကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်းက “စစ်သားတွေက ရွာနားမှာ ရောက်နေ တယ်လို့ ကြားပါတယ်။ ရွာသားတွေကလည်း ထွက်ပြေး နေကြရပါတယ်။ လူက ရွာမှာ သုံးပုံ တစ်ပုံလောက်ပဲ ကျန်ပါတော့တယ်။ ရွာထဲကို လက်နက်တွေ ကျတယ်။ ဓမ္မရုံမှာ၊ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ကျည်တွေ ကျပါတယ်။ ပြောရမယ်ဆိုရင်  ကြောက်လို့၊ ဖမ်းဆီး ရိုက်နှက်စစ်ဆေးမှာကို ကြောက်လို့ အဲဒါကြောင့် ပြေးကြတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာနှင့် မီးချောင်းတံတားအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား နေသည့် နေရာမှာ ၂ မိုင်ခွဲခန့်သာ ဝေးကွာကြောင်း ၊ မီးချောင်း တံတားအနီးမှ တိုက်ပွဲအရှိန်နှင့် တင်းမကျေးရွာအနီး တပ်မတော်စစ်ကြောင်းတို့ ဝင်လာသောကြောင့် တင်းမကျေးရွာသားများ ကြောက်လန့်ထွက်ပြေးရခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

တင်းမကျေးရွာတွင် လူဦးရေ ၃ဝဝဝ ကျော်ခန့်ရှိကြောင်း သိရပြီး၊ ၄င်းတို့မှာ ကျောက်တော်မြို့နယ် တင်းမသစ်ကျေးရွာ၊ ကျားပုံကျေးရွာ၊ လင်ကွီကျေးရွာ၊ ကျင်းကြီးကျေးရွာနှင့် လောင်းရှည် ကျေးရွာတို့ထံ ထွက်ပြေးနေကြရကြောင်း ပြောကြားသည်။
တင်းမရွာထဲသို့ ဝင်လာသော စစ်ကြောင်းသည် ရွာထဲတွင် ကျန်နေခဲ့သည့် ကျေးရွာလူကြီးများအား ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

တင်းမကျေးရွာမှ လင်ကွီကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးသာမောင်က “ရွာနားက ဘုန်းကြီးကျောင်း တောင်ကုန်းမှာဆိုတော့ ရွာနဲ့ နီးနီးလေးပဲ။ ရွာကို ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ထွက်ပြေးနေရပါတယ်။ မီးချောင်းတံတားအနီးအနားက တောင်တန်းတွေကို ဂျက်လေယာဉ်နဲ့ ၁ နာရီနဲ့ ၇ မိနစ်လောက် ဗုံးကြဲခဲ့ပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ကျွန်တော်က စစ်တွေကို ရောက်နေပါတယ်။ ဒါပေမယ့် တိုက်ပွဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကိုတော့ အတိကျ ပြောလို့ မရပါဘူး။ တိုက်ပွဲက အခု ဖြစ်တယ်။ အခု မဖြစ်ဘူး။ နံနက်ပိုင်း ဖြစ်တယ်။ ညနေပိုင်း ဖြစ်တယ်။ တစ်ရက်နဲ့ တစ်ရက်ကတော့ နေ့တိုင်း တစ်မျိုးတစ်ဖုံကတော့ ဖြစ်နေကြတာပဲ။ ” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ပလက်ဝမြို့နယ် မီးချောင်းတံတား  ထိပ်က မြန်မာစစ်တပ်ရဲ့ ဗျူဟာ စခန်းပေါ့နော်။ အဲဒီ ဗျူဟာကုန်းမှာ ဒီနေ့ဆိုလို့ရှိရင် ၁၄ ရက်နေ့မြောက်အဖြစ် တိုက်ပွဲတွေကတော့ ဆက်လက်ပြီး အရှိန်မြင့်နေတယ်ပေါ့။ ဆိုတော့ မြန်မာစစ်တပ်ဘက်က သူတို့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိပါတယ်။ ပြီးလို့ရှိရင် ရဟတ်ယာဉ် ၄ စီးနဲ့လည်းပဲ တပြိုင်နက်တည်း လာရောက်ပစ်ခတ်၊ တိုက်ခိုက်တာတွေ ရှိပါတယ်။” ဟု ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့၏ သဘောထားအား သိလို၍ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အဆိုပါ တင်းမကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကာ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း တင်းမကျေးရွာမှ လယ်သမား ဦးမောင်သိန်းလှအား လက်နက်ကြီး ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

-----------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ/ ၂ဝ၂ဝ
















ဆက်စပ် သတင်းများ