သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

၂၅ ရက်ကြာ တစ်ဖက်သတ် အပစ်ရပ်ထားမည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့ ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၁ / ၂ဝ၂ဝ

ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)၊ ရခိုင် (ULA/AA)တို့သည် ညီနောင်မဟာမိတ်  (၃) ဖွဲ့ အနေဖြင့် ၂၅ ရက်ကြာ တစ်ဖက်သတ် အပစ်ရပ်ထားမည်ဟု ယနေ့ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်မီး ချုပ်ငြိမ်းစေရန်နှင့် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာစာချုပ် (Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံေ ဆွးနွေးရေးလုပ်ငန်းများကို လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်နှင့် လက်ရှိရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအား စုပေါင်းရင်ဆိုင်ကျော်ဖြတ်ရာတွင်လည်း အထောက်အကြူ ဖစ်နိုင်စေရန်ဟုဆိုကာ အပစ်ရပ် ကာလကို ယနေ့ မတ်လ (၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ တိုးမြှင့်လိုက်သည်ဟု ယနေ့ ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ နိရဥ္စရာက ဆက်သွယ်ထားဆဲဖြစ်သည်။

မြန်မာ့တပ်မတော်သည် ညီနောင်မဟာမိတ်ဖြစ်သော ရက္ခိုင့်တပ်တော်အပေါ် ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးကို မရပ်တန့်သည့်အပြင် ပြင်းထန်သော ထိုးစစ်ကြီးများကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်နေကြောင်း၊ အလားတူ တအာင်း၊ ကိုးကန့်ဒေသများ၌လည်း ၄င်းတို့၏စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေရသောကြောင့် မိမိတို့အနေဖြင့်လည်း ၄င်းတို့၏ ထိုးစစ်ကို စောင့်ကြည့်ရန် ယခုကဲ့သို့ အကန့်အသတ်ဖြင့် သက်တမ်းတိုးရခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့၏ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ ၂၅ ရက်ကြာ တစ်ဖက်သတ်အပစ်ရပ်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက "ကျနော့်အမြင်ပြောရရင်တော့ တစ်ဖက်သတ် အပစ်ရပ်စဲရေးတွေက အလုပ်တော့ မဖြစ်ဘူးလှဘူးဗျ။ ဘယ်ဘက်ကပဲ ထုတ်ထုတ်ပါ။ အပစ်အခတ်ရပ်စဲရေးဆိုတာ နှစ်ဘက်တွေ့ဆုံဆွေးနွေးပြီးတော့ လုပ်တာကတော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်ထင်ပါတယ်။"ဟု နိရဥ္စရာကိုပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပေါ် တစ်ဖက်သတ်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသည့်ဆန္ဒကို အပြည့်အဝဖော်ပြကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးအပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ကြေညာချက်တွင် တိုက်တွန်းထားသည်။

ဦးမောင်မောင်စိုးက "တရုတ်က ကြားဝင်ညှိနှိုင်းပေးမှဖြစ်တာကိုး။ ဘာလို့ဆို တရုတ်က ဇန်နဝါရီလ ထဲမှာ တွေ့ဖို့ကလည်း တရုတ်နှစ်သစ်ကူးခံနေတယ်။ ဒုတိယကလည်း ဖေဖော်ဝါရီထဲမှာ ကိုးရိုတာဗိုင်းရပ်စ်ခံနေတာပေါ့။ ညှိနှိုင်းပေးမယ့် တရုတ်ကိုယ်တိုင် မလှုပ်ရှားနိုင်တော့ တွေ့ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒီကြားထဲမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့သူမရှိဘူးဆိုလို့ရှိရင် တွေ့ဆုံ ဆွေးနွေး ဖို့က ခက်ခဲနေဦးမယ်ထင်ပါတယ်။"ဟု ပြောသည်။

ယခုကဲ့သို့ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာထားသည့်ကာလအတွင်း မြန်မာ့ တပ်မတော်မှ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖွဲ့အား မည်သည့်ပုံစံဖြင့်မဆို ထိုးစစ်ဆင် တိုက်ခိုက်နေမည်ဆိုပါက ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူ များနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံသောအားဖြင့် တု့ံပြန်ကာကွယ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် ယခုကဲ့သို့ တစ်ဖက်သတ်အပစ်ရပ်စဲရေးထုတ်ပြန်မှုမှာ စတုတ္ထအကြိမ်အထိရှိသွားပြီဖြစ်သော်လည်း အကြိမ်တိုင်းတွင် တိုက်ပွဲများရပ်ဆိုင်းခဲ့ခြင်းမရှိခဲ့ပေ။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်၏ ကြားဝင် ညှိနှိုင်းမှုကြောင့်စီစဉ်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု ဦးဇော်ဌေးက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

-------------------------------

Unicode:















ဆက်စပ် သတင်းများ