သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦး ပိုးဖြူကျွန်းကူးတို့ဆိပ်တွင် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၄/ ၂ဝ၂ဝ

မြောက်ဦးမြို့နယ်၊ ပိုးဖြူကျွန်းကျေးရွာ ကူးတို့ဆိပ်သို့ ယနေ့နံနက် ၉နာရီဝန်းကျင်ခန့်တွင် တပ်မတော်စစ်ကြောင်း တစ်ခု ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ် ကြောက်လန့် ထွက်ပြေး သွားပြီးနောက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းမှာ အင်အား ၁ဝဝကျော်ရှိပြီး  ပန်းမြောင်းဘက်သို့ စက်လှေဖြင့် ကူးရန် စောင့်ဆိုင်းနေစဉ် နံနက် ၁၁နာရီ ခန့်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

" ဒီနေ့မနက်ရွာကို စစ်သားတွေဝင်လာတော့ ကြောက်ပြီး ရွာကလူတွေ ထွက်ပြေးကြတယ်။ တိုက်ပွဲတွေဖြစ်ရင် ရွာကလူတွေထိမှာ စိုးလို့ စစ်သားတွေ ရွာထဲဝင်တာနဲ့  ရွာသားတွေ ပြေးကြတာပါ။ ရွာကလူကြီးတွေက အခြေနေမကောင်းဘူး ပြေးကြမယ်ဆိုတော့ ပြေးကြတာပါ။ ၅၄ဝ တပ်ရင်း ဘက်က လာတဲ့စစ်ကြောင်းပါ။ တိုက်ပွဲထဲက လက်နက်ကြီး လက်နက်ငယ် သံတွေလည်း ကြားရပါတယ်။ အထိအခိုက် ရှိ မရှိကိုတော့ အရပ်သားတွေ မသိနိုင်ပါ " ဟု အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးကပြောသည်။

တိုက်ပွဲ ဖြစ်နေစဉ် ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သဖြင့် ပန်းမြောင်းရွာသားများမှာ စိုးရိမ်ထိတ်လန့်ပြီး စျေးဆိုင်များ၊ အိမ်တံခါးများကို ပိတ်ကာ အိမ်ထဲရှိ ဗုံးကျင်းများတွင် ပုန်းခိုနေခဲ့ရသည်ဟု ပန်းမြောင်းကျေးရွာသား တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်ပိုးဖြူကျွန်းနှင့် တစ်မိုင်ကျော်ခန့်အကွာ မှ မြတ်ရိတ်ကျွန်း ကျေးရွာ ဒေသခံ များမှာလည်း စိုးရိမ်နေကြကြောင်းပြောသည်။

"တိုက်ပွဲဖြစ်တာကြားနေရပါတယ်။ မိနစ် ၂ဝ လောက်ပစ်ကြပါတယ်။ ကျွန်တော်တို့ရွာနဲ့ နီးတော့ စိုးရိမ်နေကြပါတယ်"ဟု မြတ်ရိတ်ကျွန်းကျေးရွာသားတစ်ဦးကပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း တိုက်ပွဲ ဖြစ်ပွား ခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

"တိုက်ပွဲဖြစ်ခဲ့တာဟုတ်တယ်။ ပိုးဖြူကျွန်းကလူတွေမရှိတော့ဘူး။ ဘေးနားက မြတ်ရိတ်ကျွန်းနဲ့ ကျောက်တွင်းကုန်းမှာလည်း ရွာသားတွေရှိတော့ စိုးရိမ်နေကြတယ်" ဟု ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး နှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဇော်မင်းထွန်းတို့အား အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရှိခဲ့ပါ။

ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံဦးခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရှိသေးပါ။

-------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၄/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ