သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

“ပြေးစရာလည်း မြေမရှိ၊ စားစရာလည်း ဆန်မရှိ” ဘဝမျိုးကိုရောက်ရှိနေပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၇ /၂ဝ၂ဝ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြောက်ပိုင်းမှ ကွမ်းစွဲ၊ လောင်းရှည်၊ တင်းမ၊ မီးဝ၊ ပြိုင်းတိုင်း၊ မွန်ထောင့်၊ ကျော်ရွှီပြင်၊ မုန့်သန်းပြင်၊ ကျောက်တန်း၊ မီးကျောင်းတက်စသည့် ကျေးရွာများသည် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာ အနီးတွင် တည်ရှိပြီး ရွာသားများ အနေဖြင့် ရွာထဲကနေ ရွာပြင်သို့ ထွက်၍ မရသလို တစ်ခြားနေရာတစ်ခုခုသို့ ထွက်ပြေးတိမ်းရှောင်မည် ဆိုပါကလည်း ကုန်လမ်း၊ ရေလမ်းကို ပိတ်ဆို့ ထားသဖြင့် သွားလာ၍ မရဘဲ ဖြစ်နေကြောင်း ရွာသားများက ပြောဆိုသည်။

လောင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဇနီးက “ လက်နက်ကြီးကျည်ကျ၍ နွားတွေ သေနေပါတယ်။ လူတွေလည်း ဒဏ်ရာရနေပါတယ်။ ဘယ်ကို ပြေးမလဲ။ စဉ်းစားလို့ မရပါ။ ရွာ အရှေ့ဘက်က ပစ်နေပါတယ်။ ရေခပ်ဖို့ ဆင်းလို့လည်း မရတော့ဘူး။ လူမြင်ရင် ပစ်နေတာပါဘဲ။ ရွာရဲ့ အရှေ့ဘက်ကမ်းကနေ ရွာသားတွေကို ခေါ်ဆဲနေပါတယ်။ ရခိုင်တွေ ------- ၊-------။  ရွာရဲ့ အရှေ့ဘက်ကမ်းကနေ ခေါ်ပြီး လှမ်းဆဲနေပါတယ်။ သိပ် အခက်အခဲတွေ့နေပါတယ်။  လူတွေကတော့ ဗုံးခိုကျင်းထဲမှာ ဝင်နေရပါတယ်။ လက်နက်ကြီးကျည်ကျရင် ဗုံးကျင်းထဲမှာ နေရင်လည်း လွတ်မှာ မဟုတ်ဘူး။  အခုက တစ်ရွာလုံး ကြောက်နေရပါတယ်။ ပြေးမယ် ဆိုရင်လည်း ဘယ်ကို ပြေးရမလဲ။ အခုက ပြေးစရာလည်း မြေမရှိ၊ စားစရာလည်း ဆန်မရှိဖြစ်နေပါပြီ” ဟု ပြောဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက “ အခက်အခဲ ကြုံနေရပါတယ်။ လုပ်စားဖို့ မရတော့ဘူး။ ဟင်းခင်းကို ထွက်ရင်လည်း လုပ်စားဖို့ မရတော့ဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ လက်နက်ငယ်တွေနဲ့ ပစ်ပါတယ်။ ကျည်ဆံတွေလည်း ထိသူ ထိပါတယ်။ အမျိုးသမီးတစ်ဦးလည်း ထိပါတယ်။ အခုက ကောင်းသွားပါပြီ။ ဒီနေ့လည်း ပဲထုပ်တွေ ထမ်းလာတယ်။ လက်နက်ကြီးနဲ့ နှစ်လုံးပစ်တယ်။ နွားကလေးတစ်ကောင် သေတယ်။ နွားမ တစ်ကောင်ထိတယ်။ အမေနွားမလည်းသေတော့မှာပါ။ အဲသလို ဖြစ်နေပါပြီ။ နေလို့ မရတော့ပါ။ ရေခပ်လို့လည်း မရတော့ဘူး။ ရေခပ်ရင်လည်း ဆင်းပစ်ပါတယ်။ စစ်တပ်က မသင်္ကာတာတွေ့ရင် ပစ်တာပါဘဲ။  သူတို့မှာ သူတို့ချင်း တိုက်ပွဲ ဖြစ်ရင် ဖြစ်ကြပါ။ ကျွန်တော်တို့ ရွာသားတွေနဲ့ ဘာမှ မဆိုင်ပါ။ အခုတော့ ရွာကလူတွေကိုဘဲ ပစ်နေတာတော့ မသင့်တော်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

လောင်းရှည်ကျေးရွာသည် ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ခြေ ၂ဝဝ ကျော်၊ လူဦးရေ ၆ဝဝ ကျော်ရှိကြောင်း သိရသည်။

ရွာသား တစ်ဦးက “ ကုလားတန် မြစ် အရှေ့ဘက်ကမ်း အလုပ် လားဖို့လည်း မရ၊  ဒီရွာမှာ ပြင်ပကို သွားလို့ မရဘူး။ လက်နက်ကြီးတွေ ပစ်တယ်။ လောင်းရှည် အုပ်စု ၊ ကုလားတန်မြစ်ကနေ ရေခပ်ရတယ်။ ရေချိုးတာကိုမြင်ရင် ငန်းတောင် တောင်ကနေ ပစ်တယ်။ လူတွေကို မြင်တယ်။ မြင်ရင်လည်း လှမ်းပစ်တယ်။ မသင်္ကာရင် လှမ်းပစ်တာဘဲ။ အခက်အခဲ အရမ်းကို ဖြစ်နေပါတယ်။ ရွာထဲက စပါးစက်တွေလည်း စပါးထိုးလို့ မရဘူး။ သူတို့က အကုန်လှမ်းပစ်တာပါဘဲ။ စက်နိုးတဲ့ အသံကြားရင် သူတို့က လှမ်းပစ်တာဘဲ။ အခု ရိက္ခာတွေလည်း ပြတ်နေပြီ။ ဘာဆို ဘာမှ မရှိတော့ဘူး။  တစ်ခုမှ စားစရာ မရှိတော့ပါ။ အခုလို ဒုက္ခ ဖြစ်နေတာက ကျွန်တော်တို့ တစ်ရွာတည်းဘဲ မဟုတ်ဘူး။ တစ်အုပ်စုလုံးနဲ့ အနီးအနားက ရွာတွေအကုန်လုံး ခုလို အခက်အခဲ ကြုံနေရတာ” ဟု ပြောသည်။ 

အမျိုးသမီးငယ် တစ်ဦးက “  ရေတွေလည်း ခပ်ဖို့မရတော့ဘူး။ မြစ်ကမ်းနားကို ဆင်းရင် လှမ်းပစ်တယ်လေ။ သမီးတို့က ကြောက်နေရတယ်လေ။ သူတို့ သေနတ်နဲ့ လှမ်းပစ်တာ။ သမီးတို့က ကုလားတန်မြစ်ကဘဲ ရေကို သုံးရတယ်။ ရွာမှာ ကန်တွေလည်း မရှိပါဘူး။ သမီးရေခပ်ဆင်းရင် သေနတ်နဲ့ ပစ်တယ်။ သူတို့က ပစ်ရင် သမီးတို့က တက်ပြေးရတယ်။ သမီးတို့ရွာနဲ့ သူတို့ရှိတဲ့ နေရာက အလှမ်းဝေးတာမဟုတ်ပါ။ တည့်တည့်ကို ပစ်နေတာပဲ။ သူတို့က လက်နက်ကြီးတွေလည်း ထုတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ နေလို့ မရတော့ဘူး။ ကျွန်မတို့ အိမ်ထဲမှာလည်း ကျတယ်။ စားရိက္ခာတွေလည်း မရှိတော့ဘူး။  ဟင်ချိုမှုန့် ၊ ဆန်၊ ဆီ၊ ဆား၊ ငပိ အကုန်လုံး ရွာမှာ ဘာဆို ဘာမှ မရှိတော့ဘူး။ အကုန်လုံး ငတ်နေတာဘဲ။ မြစ်ကလည်း သွားလို့ မရ။ ကုန်းပေါ်ကလည်း သွားလို့ မရ။ ဒီလိုဘဲ သမီးတို့ အငတ်နေကြရတော့မလား မေးချင်ပါတယ်။ အခု အခက်အခဲဖြစ်နေတာက ရွာအများကြီးပါဘဲ။  ကွမ်းစွဲ၊ လောင်းရှည်၊ တင်းမ၊ မီးဝ၊ ပြိုင်းတိုင်း၊ မွန်ထောင့်၊ ကျော်ရွှီပင်၊ မုန့်သန်းပြင်၊ ကျောက်တန်း ရွာတွေ အများကြီးဘဲ” ဟု ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ကလည်း ဂျက်တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်နှစ်စီးဖြင့် လောင်းရှည်ကျေး ရွာ အရှေ့ဘက်က တောင်တန်းများကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၇ /၂ဝ၂ဝ









ဆက်စပ် သတင်းများ