သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လက်နက်ငယ်များ လက်တွေ့ပစ်ခတ်မည်ဟု ကျောက်တော်တွင် စာထုတ်ပြီးနောက် ပစ်ခတ်သံများ ဒုတိယအကြိမ် ထပ်ကြားရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လက်နက်ငယ်များလက်တွေ့ပစ်ခတ်မည်ဟု သတိပေးစာထုတ်ပြန်ပြီးနောက် ယနေ့တွင်လည်း ပစ်ခတ်သံများကို ဒုတိယအကြိမ် ထပ်ကြားရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်မှစတင်ကာ လက်နက်ငယ်ပစ်သံများကို ကြားရကြောင်း ကျောက်တော်မြို့ခံ ကိုကျော်လှမြင့် က နိရ ဉ္စရာကို ပြောသည်။
"ပြတ်တောက် ပြတ်တောက်ကြားနေရတယ်ပေါ့။ ကျနော်တစ်ယောက်တည်းကြားရတာတော့ မဟုတ်ဘူး။ ရုပ်သားရွာဘက်ကလူတွေလည်း ကြားတယ်လို့ပြောတယ်။ တပ်နယ်မြေတွေက ကြားရတာ။ တိုက်ပွဲဖြစ်တဲ့ပုံစံတော့ မဟုတ်ဘူး" ဟု ပြောသည်။
ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးရွာအနီးရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ လက်နက်ငယ်များ လက်တွေ့လေ့ကျင့်ပစ်ခတ်မည်ဖြစ်၍ ကျောက်တော်မြို့ပေါ်နှင့် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံများအနေဖြင့် ဌာနချုပ်အနီးတဝိုက်သို့သွားရောက်ခြင်းမပြုကြရန် မြို့နယ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးစာထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ထိုသို့ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် သေနတ်သံများကြားခဲ့ရပြီး ယနေ့တွင်လည်း လက်နက်သံများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကလည်း ယခုကဲ့သို့ပစ်ခတ်သံများထွက်ပေါ်နေ၍ တိုက်ပွဲများပြန်ဖြစ်ရန် စစ်ရေးစစ်ရောင်များပြနေသလားဆိုသည့် စိုးရိမ်စိတ်များရှိနေကြကြောင်း ပြောသည်။
“အဲဒီအသံတွေထွက်လာတယ်ဆိုတော့ တိုက်ပွဲတွေပြန်များဖြစ်လာနိုင်မလား။ စစ်ရေးစစ်ရောင်တွေများ ပြလာတာလားဆိုတဲ့ စိုးရိမ်စိတ်တွေတော့ ရှိကြတယ်။ လုပ်ကိုင်စားသောက်နေတဲ့သူတွေကလည်း ဒီကိစ္စတစ်ခုကို သတိထားရမယ်ဆိုပြီး စဉ်းစားလာကြတဲ့အခြေအနေဖြစ်နေတယ်” ဟုပြောသည်။
ယခုနှစ်အတွင်း ရခိုင့်ပင်လယ်ပြင်တွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို စစ်တပ်ဘက်က မကြာခဏ ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင် မာန်အောင်ကျွန်း၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်း၊ ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်တွေခရိုင်အတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်စသည့် မြို့နယ်(၄)ခုရှိ ပင်လယ်ပြင်အတွင်း လက်နက်ကြီးစမ်းသပ်ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - မာန်ယုကျော် (ရွှေဝမြေ)/နိရ ဉ္စရာ

ဆက်စပ် သတင်းများ