သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တည်ငြိမ်နေသည့်ရခိုင်တွင် စစ်ကြောင်းလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

ဖိုးသောကြာ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၉/ ၂၀၂၂
တည်ငြိမ်အေးချမ်းမှုရရှိနေသည့် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မြန်မာစစ်တပ် စစ်ကြောင်းများ လှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲများ ပြန်ဖြစ်မည်ကို ဒေသခံများအကြား စိုးရိမ်မှုများရှိနေကြသည်ဟု သတင်းရရှိသည်။
၎င်းကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့သည် ယခင် ၂၀၁၈ မှ ၂၀၂၀ နှစ်ကုန်ပိုင်းထိ ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများအတွင်း တိုက်ပွဲဒဏ်ကို အဓိက ခံခဲ့ရသည့် မြို့နယ်များဖြစ်ကြပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်း အများအပြားမှာလည်း ၎င်းမြို့နယ် ၂ ခုတွင် တည်ရှိနေသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘုန်းတော်ကြီးကျောင်းနှင့် ကွမ်းတောင်ဘူတာတို့တွင်လည်း စစ်ကြောင်းတစ်ခု ရောက်ရှိနေသဖြင့် လူထုအကြား အနည်းနှင့် အများ စိုးရိမ်မှုများရှိနေကြသည်ဟု အမည်မဖော်လိုသည့်ပဒေသာကျေးရွာသားတစ်ဦးက ပြောသည်။
"အခုဆိုရင် ကင်းလှည့်ပြီး ကွမ်းတောင်ကျေးရွာဘူတာနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာ သုံးရက်မြောက်ရှိသွားပြီ။ ဘာအတွက်ကြောင့်ဆိုတာတော့ မသိဘူး။ ရွာသားတွေက အရင်ကလို တိုက်ပွဲပြန်ဖြစ်လာတော့ မလားဆိုပြီး စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။
အင်အား သုံးလေးဆယ်ခန့် ပါဝင်သော ၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ ကင်းလှည့်ပြီး ကျေးရွာများအတွင်း တပ်စွဲနေထိုင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကွမ်းတောင်ကျေးရွာသားတစ်ဦးက “ သူတို့ ဒီလ ၁၆ ရက်နေ့ကတည်းက ကျွန်တော်တို့ ရွာကို ရောက်လာပါတယ်။ ကျွန်တော်တို့ ရွာမှာတော့ ဘုန်းကြီးကျောင်း ဘယ်နှစ်ကျောင်းရှိသလဲ။ စာသင်ကျောင်း ဘယ်နှစ်ကျောင်း၊ ကျောင်းသားဦးရေ၊ ရွာသားဦးရေ၊ အိမ်ထောင်စု စာရင်းတွေ စစ်တာတို့ ရှိပါတယ်။ လူတွေကို စစ်ဆေးတာ နှောင့်ယှက်တာတွေ မရှိပါဘူး။ ကိုယ့်ဟာကိုယ် သွားနေကြတာပါဘဲ”ဟု ပြောကြားသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အများဆုံးကင်းလှည့်နေသည့်ရွာများမှာ ဆားအင်းကြီး၊ ပေဒသာ၊ ချောင်းဝ၊ ယာချောင်း၊ ကွမ်းတောင်အစရှိသောကျေးရွာများဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဆားအင်းကြီးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက "ညဖက်မှလာကြတယ်။ ဘယ်အချိန်ရောက်တယ် ဆိုတာတော့ မသိဘူး။ မနက်ကျမှရောက်နေကြမှန်းသိရတယ်။ ရွာသားတွေကိုစစ်ဆေးမှုတွေမရှိပေမဲ့ ရွာအတွင်းသွားလာရတာ အရင်ကလိုမဟုတ်ဘူး။ စိုးရိမ်စိတ်ဖြစ်နေရတယ်”ဟု ပြောသည်။
၎င်းအပြင် အေအေထိန်းချုပ်ထားရာ ကျောက်တော်မြို့နယ်မြောက်ပိုင်းမှ ပီထုရွာနှင့် ဝင်စုကျေးရွာများတွင်လည်း စစ်ကြောင်းများ ဝင်ရောက်နေရာယူ တပ်စွဲမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
၎င်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၇ ရက်နေ့က ပီထုရွာအနီးရှိ ဘက်စုံခြံတွင် နေရာယူခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ထော်လာဂျီသုံးစီးဖြင့် ဝင်စုရွာထဲသို့ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ရွာရှေ့၊ ရွာနောက်လုံခြုံရေးများချကြောင်း မျက်မြင် ဒေသခံများက ပြောသည်။
ယခုကဲ့သို့ တည်ငြိမ်အေးချမ်းနေသည့် အချိန်တွင် လူထုများ အထိတ်တလန့်ဖြစ်အောင် စစ်ကြောင်းများ လှုပ်ရှားမှု မပြုလုပ်သင့်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောကြားသည်။
“ပြည်သူတွေက နှစ်နဲ့ချီလို့ဖြစ်ဲ့ခ့တဲ့ စစ်ပွဲတွေကြောင့် မွန်းကျပ်မှုတွေ ရှိခဲ့ကြတယ်။ ကိုဗစ်ရောဂါနဲ့ စစ်ပွဲတွေကို ဖြတ်သန်းပြီး အခုမှ ကြိုးစားရုန်းထနေရတဲ့အချိန်မှာ စစ်ရေး စစ်ရာတွေကို မြင်တွေရတဲ့အခါ လူတွေရင်ထဲမှာ အိပ်မက်ဆိုး ခြောက်လှန့်သလို စိတ်မချမ်းသာစရာဖြစ်နေတဲ့အနေအထားမျိုးတွေကို တွေ့ရပါတယ်။ ပြည်သူတွေကတော့ စစ်ဖြစ်မလားဆိုပြီး စိုးရိမ်ကြောက်လှန့် နေတာတွေကိုကြားနေရပါတယ်။ စစ်ရေးကတော့ မှန်းရခက်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်လက်ရှိအခြေအနေထက် တင်းမာမှုတွေ ပိုများလာရင်တော့ ဖြစ်လာမလားဆိုပြီး စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ကြောင်းများ ရွာထဲဝင်ရောက်လာလျှင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်၍ ဒေသခံကျေးရွာသားများလည်း ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ကြရ၍ အလုပ်ပျက် အကိုင်ပျက်ဖြစ်ကြရသဖြင့် စစ်ကြောင်းများ ရွာထဲဝင်ရောက်မှုကို မဖြစ်စေလိုဟုလည်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ - စစ်ကြောင်းတစ်ခုအား ပုဏ္ဏားကျွန်းမြို့ ကားလမ်းမပေါ်တွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။

ဆက်စပ် သတင်းများ