သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ယနေ့နံနက်၌ဘူးသီးတောင်မြို့အနောက်ဘက်မှလက်နက်ကြီးပစ်သံသုံးချက်ကြားခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇန်နဝါရီ ၂၉/ ၂ဝ၂၂


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အနောက်ဘက်က ယနေ့နံနက်က လက်နက်ကြီးပစ်သံ သုံးချက်ကို မြို့ပေါ်ကနေ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။


၎င်းလက်နက်ကြီး ပစ်၍ ပေါက်ကွဲသံကို နေ့  နံနက် ၉ နာရီခွဲက ဘူးသီးတောင်မြို့ နောက်ဘက်ရှိ ဗျူဟာဘက်မှ  ၃ ချက်တိတိ ကြားခဲ့ရသည်ဟု ဘူးသီးတောင်မြို့ဒေသခံတစ်ဦးက ပြောသည်။

 

ပစ်သံ ၃ ချက် ဆက်တိုက်ကြားလိုက်ရပါတယ်။ ဒေသခံတွေကတော့ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဘယ်နေရာကို ပစ်တာလဲဆိုတာတော့ မသိဘူး။ အခုပစ်သံကြားတဲ့ နေရာက စစ်တပ်က တပ်ရင်းတွေအများကြီးရှိတဲ့ဘက်က ကြားရတာပါဟုပြောသည်။


ဘူးသီးတောင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းက  မေယု တောင်တန်းအနီး စစ်တပ်ဗျူဟာ၊ တပ်ရင်းများဘက်မှ ပေါက်သံ ၃ ချက်ကြားခဲ့ရသော်လည်း တိုက်ပွဲဖြစ်ပွားမှု မဟုတ်နိုင်ကြောင်း ပြောသည်။


ဒေသခံတွေကတော့ ပေါက်ကွဲသံတွေကြားရင်စိုးရိမ်ကြတာပေါ့။ အခြေအနေက စစ်လက်နက် အကြွင်းအကျန်တွေကို ရှင်းပစ်တာလားတော့မသိဘူး။ တကယ်လို့ တိုက်ပွဲဖြစ်ရင်တော့ လက်နက်ငယ် အသံတွေလည်း ကြားရမယ်လေ။ ဆက်တိုက်ဆက်တိုက်ပေါ့။ အခုက ကြွင်းကျန်လက်နက်တွေကို ဖျက်ဆီးလိုက်တာဖြစ်နိုင်တယ်ဟုပြောသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ပေါက်ကွဲသံများကို လုံးဝမကြားလိုက်ရကြောင်း ပြောဆိုသည်။


ဘူးသီးတောင်မှာပေါက်ကွဲသံမကြားရပါဘူး။ ကျွန်တော်တို့မြို့ထဲမှာတော့ မကြားရဘူး။ သာမန် လေ့ကျင့်ရေးတွေဘာတွေပေါ့။ အဲဒါပဲရှိမှာပါ။ ကျွန်တော်တို့ကတော့ မစိုးရိမ်ဘူးဗျ။ ကျွန်တော်လည်း ဒေသခံပဲဗျ။ အဟောင်းတွေဘာတွေ ပေါက်တာရှိမှာပေါ့ဟုပြောသည်။


ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့အကြားတိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁ နှစ်ကျော်ရှိသွားပြီဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းနေသည့် ချိန်တွင် လက်နက်ကြီးများ စမ်းသပ် ပစ်ခတ်မည်ဆိုပါက လူထုအထိတ်တလန့် မဖြစ်အောင် ကြိုတင်သတိပေးမှု ပြုလုပ်သင့်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ