သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းတွင် သေနတ်သံများအဆက်မပြတ်ကြားရ၍ စာသင်ကျောင်းအချို့ကို နေ့တဝက်နှင့် လွှတ်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ရွာနှင့် မြဝတီရွာအနီးဝန်းကျင်တွင် ယနေ့နေ့လယ်က သေနတ်သံများအဆက်မပြတ်ကြားရ၍ စာသင်ကျောင်းအချို့ကို နေ့တဝက်နှင့် လွှတ်လိုက်ရသည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်ကစတင်ပြီး မောင်တောမြောက်ပိုင်း လဘော်ကျေးရွာဘက်မှ သေနတ်သံများကို ခုံတိုင်ရွာနှင့် မြဝတီရွာအနီးဝန်းကျင်တွင် အဆက်မပြတ်ကြားရသည့်အတွက် ဒေသခံများစိုးရိမ်၍ ခုံတိုင်နှင့် မြဝတီရွာမှ မူလတန်းစာသင်ကျောင်းများကို နေ့တဝက်နှင့်လွှတ်လိုက်ရကြောင်း မြဝတီကျေးရွာမှ ဆရာတစ်ဦးက နိရဥ္စရာကို ပြောသည်။
"လဘော်ဘက်က ကြားရတာပါ။ သေနတ်သံက အချက်ကို ရေမရဘူး။ ပထမ ၄ /၅ ချက်ကြားပြီး ခဏနေတော့ အများကြီးကြားရတယ်။ အခုတော့ တိတ်နေတယ်။ ဒီလောက် သေနတ်သံတွေကြားနေရတော့ ကျောင်းလည်းလွှတ်လိုက်ရတယ်"ဟု ပြောသည်။
ခူတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှကလည်း သေနတ်သံများ အဆက်မပြတ်ကြားရသော်လည်း ဘယ်အဖွဲ့နှင့်တိုက်ပွဲဖြစ်သည်ကို မသိကြောင်းပြောသည်။
"သေနတ်သံကြားရတာက နည်းနည်းဝေးပါတယ်။ သေနတ်သံတော့ကြားရတယ်။ ဒါပေမယ့် ဘယ်သူနဲ့ဖြစ်လဲတော့ မသိဘူး"ဟု ပြောသည်။
လက်ရှိသေနတ်သံထွက်ပေါ်သည့် မောင်တောမြောက်ပိုင်းတွင် အာဆာလက်နက်ကိုင်များ လှုပ်ရှားမှုများရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့ကြား တပ်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး မောင်တောမြောက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့အပြင် မောင်တောမြောက်ပိုင်းသည် အာဆာတပ်ဖွဲ့များနှင့်လည်း မြန်မာစစ်တပ်တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားသည့်ဒေသတစ်ခုလည်းဖြစ်သည်။
ဓာတ်ပုံ - မြဝတီအမကကျောင်းအား ယေန့ညနပေိုင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ