- Web Master
- ၂၇ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ မနက်ပိုင်းက ဖမ်းဆီးသွားပြီး လက်ရှိ အချိန်ထိအဆက်သွယ်မရ၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ အာကာပြင်ကျေးရွာမှ ဒသနိကဗေဒ တတိယနှစ်ကျောင်းသူ မစန္ဒာဝင်း(၂၃)နှစ်နှင့်
မြန်မာစာတတိယနှစ်ကျောင်းသူ မအေးစိုး(၂၃)နှစ်တို့ဖြစ်သည်။
၄င်းကျောင်းသူနှစ်ဦးမှာ ယမန်နေ့ဒီဇင်ဘာလ ၂၄ ရက်၊ မနက် ၇ နာရီအချိန်က ဖုန်းပြုပြင်ရန်
ဘူးသီးတောင် မြို့ပေါ်သို့ သွားရောက်ခဲ့ပြီး မနက် ၁၁ နာရီအချိန်
ကျေးရွာသို့ပြန်လာစဥ် ဘူးသီးတောင်မြို့၊ ဂေါက်ကွင်းအနီးတွင်
စစ်တပ်၏ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင် တစ်ဦးကပြောသည်။
" မနေ့ကမနက်ပိုင်းက ဘူးသီးတောင်မြို့ထက်ကို
ဖုန်းပြင်ဖို့သွားကြပါတယ်။ ပြန်လာတဲ့အချိန်မှာ ဂေါက်ကွင်းနားမှာ စစ်တပ်ကဖမ်းသွားတာပါ။အခုထိအဆက်သွယ်မရသေးပါဘူး။
မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေပါပြီ" ဟု နိရဉ္စရာသို့ပြောသည်။
စစ်ကောင်စီတပ်က အဆိုပါကျောင်းသူနှစ်ဦးကို ဖမ်းဆီးပြီး ဘူးသီးတောင်ဗျူဟာသို့ ခေါ်ဆောင် သွားသည်ဟု သတင်းထွက်နေသော်လည်း လက်ရှိမည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိကျမသိရှိရကြောင်း မိသားစုဝင်များကပြောသည်။
"သူတို့ကို ဖမ်းပြီးဗျူဟာကိုခေါ်သွားတယ်လို့လည်းကြားပါတယ်။အဲဒီနေရာကို မိသားစုဝင်တွေက သွားပြီးမေးလို့ မရဘူး။ သွားခွင့်မရဘူး" ဟု မိသားစုဝင်တစ်ဦးကပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်ကလည်း အင်အား ၅၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ကာ မြတောင်ဆိပ်ကမ်း စက်လှေများပေါ်တင်ဆောင်ထားသည့် ဒေသခံများ၏ကုန်ပစ္စည်းများကို သိမ်းယူသွားပြီး စက်လှေပိုင်ရှင် ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း မြို့ခံများကပြောသည်။
အဆိုပါစက်လှေပိုင်ရှင်များ၏နာမည်နှင့်ဖမ်းဆီးခံရမှုအခြေအနေကို နိရဉ္စရာမှ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက်၊ ညအချိန်ကလည်း ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်မှ ကိုဉာဏ်လင်း(၄၀)နှစ်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကနေအိမ်သို့ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဘူးသီးတောင်မြို့ခံများက ပြောသည်။(NN-23)