ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝမြို့တွင် လက်နက်ကြီးကျည်စထိမှန်၍ အိန္ဒိယဆိပ်ကမ်းမှဝန်ထမ်းတစ်ဦးနှင့် ကျောင်းသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်  ဇန္နဝါရီလ ၃ ရက် တစ်ရက်တည်း၌ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျည်စထိမှန်၍ အိန္ဒိယဆိပ်ကမ်းမှ ဝန်ထမ်းအမျိုးသားတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ဇန်နဝါရီလ ၃ ရက် ညနေ ၆ နာရီခန့်ပ ပလက်ဝမြို့အရှေ့ဘက်ရှိ အိန္ဒိယဆိပ်ကမ်းတွင် ဆောက်လုပ်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ကိုဝေလွင်သည် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားခဲ့သည်။

သူ၏ ရင်ညွှန့်နှင့် ပေါင်အနီးတဝိုက်တွင် ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း နာရေးအားသွားရောက်ကူညီခဲ့သူတစ်ဦးကပြောသည်။

"သူက ရခိုင်သားလေးပါပဲ။ မိန်းမနဲ့ကလေးတစ်ယောက် ကျန်ခဲ့သေးတယ်။ ပေါင်အနီးတဝိုက်က ဒဏ်ရာတွေကအရမ်းပြင်းတယ်။ အစတုန်းကတော့ ရင်ညွှန့်နားလောက်မှာပဲ ဒဏ်ရာရသွားတာလို့ ထင်တာ။ သဂြိုလ်ဖို့လုပ်တော့မှ ပေါင်နားကဒဏ်ရာတွေကိုမြင်တယ်။ သူ့အပြင်အဲဒီက အခြားသူတွေတော့ ဒဏ်ရာရသွားတာမရှိဘူး" ဟုပြောသည်။

ထို့အပြင် ယမန်နေ့ ဇန္နဝါရီလ ၃ ရက်၊ ညည့် ၁၀နာရီခန့်ပ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်မှ နေအိမ်တစ်ဆောင်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် သားဖြစ်သူကျောင်းသားတစ်ဦး သေဆုံးကာ မိဘနှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ပလက်ဝမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ပလက်ဝမြို့ခံများကပြောသည်။

ပလက်ဝမြို့အနီးရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ ၂၈၉၊ ခလရ၂၃၃၊ ခမရ ၂၁၁၊ ခမရ ၂၂၀၊ ခမရ ၃၀၈၊ ခမရ ၃၇၄၊ ခမရ ၃၇၆ တပ်စခန်းများကို ရက္ခိုင့်တပ်တော်(အေအေ)က ပြီးခဲ့သည့် ဇန္နဝါရီလ ၁ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့်ပလက်ဝအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံနေခြင်းဖြစ်ပြီး လူနေမြို့ပေါ်သို့လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယင်းအခြေအနေများကြောင့် ပလက်ဝမြို့ပေါ်က ဒေသခံထောင်နှင့်ချီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ခါနီးမှစ၍ ဘေးလွှတ်ရာနေရာများသို့တိမ်းရှောင်နေကြပြီဖြစ်ကြောင်း ပလက်ဝမြို့ခံတစ်ဦးကပြောသည်။

" မြို့ပေါ် လက်နက်ကြီးတွေကျတေတာ့ ဘယ်လိုမှမလုံခြုံတော့ဘူး။ အဲဒါကြောင့်အခြားနေရာတွေမှာ ပြောင်းနေရပါတယ်။ ဒီနေရာမှာကဖုန်းလိုင်းတွေသိပ်မမိဘူး။ ဒါပေမယ့်စိတ်ချလုံခြုံလို့ရတဲ့ အနေအထားမှာတော့ရှိတယ်" ဟု ပြောသည်။

ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းသည် ယနေ့ ဇန်နဝါရီ ၄ ရက်  နံနက်ပိုင်းမှစ၍ လက်နက်ကြီးများ အဆမပြတ်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့တွင် ယခုတကျော့တိုက်ပွဲကာလဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် သေဆုံးသူဒေသခံပေါင်း ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက် မနည်းရှိလာနေကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ