တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြား မင်းဘာကြီးရပ်ကွက်ဖောင်တော်အနီးတိုက်ပွဲ စစ်ကူလာသည့် စစ်​ကောင်စီအဖွဲ့ဝင် ၇ ဦးသေဆုံး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

မင်းပြားမြို့ မင်းဘာကြီးရပ်ကွက် ဖောင်တော်အနီးတွင် စစ်ကူလာသည့် စစ်​ကောင်စီတပ်ဖွဲ့ကို ရက္ခိုင့်တပ်တော် (AA) က ဆီးကြိုတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးသွားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များ တိုက်ခိုက်နေသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု ဆိုရှယ် မီဒီယာပေါ်တွင် ပျံ့နှံ့လာရာ အဆိုပါ ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်သားများသေဆုံးနေပုံနှင့် လက်နက်များသိမ်းဆည်းနေပုံများကို ဖော်ပြထားသည်။ 

တိုက်ပွဲကို ဦးဆောင်ခဲ့သည့် ရက္ခိုင်တပ်တော်မှ ဗိုလ်တစ်ဦးက အလောင်း ခုနှစ်လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်းကို ပြောကြားနေသည်ကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းတွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။

၎င်းတိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

" အဲဒီစစ်သားတွေကို နေဗီကလာပို့တာပါ။ ရက္ခိုင့်တပ်တော်က သူတို့စစ်ကူလာပို့တဲ့ တပ်တွေကို တိုက်ခိုက်နေတာ။ မင်းဘာကြီး ဖောင်တော်နားမှာတော့ စစ်တပ်ဘက်က ၇ ယောက်သေတယ်" ဟု ပြောသည်။

စစ်ကောင်စီနေဗီတစ်စီးမှာ မြစ်လယ်မှ ကမ်းကပ်နိုင်ရန်ကြိုးစားနေသည်ကိုလည်း အဆိုပါဗီဒီယို ရုပ်သံ ဖိုင်ထဲတွင်တွေ့မြင်ရသည်။

ရက္ခိုင့်တပ်တော်သည် မင်းပြားမြို့ပေါ်သို့ နေဗီများဖြင့် စစ်ကူအင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီတပ်သားများကို ဆီးကြို တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များပြားနေကြောင်း သိရသည်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ကလည်း  မင်းပြားမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ကို ရုပ်သံဖိုင်တစ်ခုကို ထုတ်လွင့်ပြသခဲ့သည်။

ထို့အပြင် ရန်သူ၏ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သည်ကို ၎င်းရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။

ယမန်နေ့ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄နာရီခွဲခန့်ကလည်း မင်းပြားမြို့သို့ ဇက်ရေယာဉ် ၄ စီးနှင့် အတူ စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ် တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ငတန်ပျင်းရွာနှင့် ဘားဘူတောင်ရွာဘက်တွင် ဇက်ရေယာဥ် ၄ စီးဖြင့်စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မင်းပြားမြို့မကျစေရေးအတွက် ရေကြောင်း၊ လေကြောင်း များဖြင့် အသည်းအသန် ခုခံကာကွယ်နေပြီး မင်းပြားမြို့ ရက္ခိုင့်တပ်တော် လက်ထဲသို့ ရောက်ရှိရန်နီးစပ်နေပြီဟု မြို့ခံများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ