တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် အာဆာအဖွဲ့က မွတ်ဆလင်ရပ်မိရပ်ဖ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က မွတ်ဆလင်ရပ်မိရပ်ဖ ၁ ဦးကို  ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

အသတ်ခံရသူမှာ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းရှိ မီးကျောင်းခေါင်းဆွဲကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ရပ်မိရပ်ဖ ဦးမာမတ်ရူရ်ကူရ်းဖြစ်သည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်၊ ညအချိန်တွင် ကျေးရွာအတွင်းရှိ နေအိမ်မှ ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နောက်တစ်နေ့ စက်တင်ဘာလ ၁ဝ ရက်တွင် သေဆုံးနေပြီဖြစ်သည့်သူ၏ရုပ်အလောင်းကို ရွာနှင့်မနီးမဝေးရှိ မောင်နှမတောင်အနီးတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူက ရပ်မိရပ်ဖပေါ့။ သူက ရွာမှာ သြဇာအာဏာရှိတယ်လေ။ အဲလိုဆိုတော့ သူ့ကို သူတို့က စည်းရုံးလိမ့်မယ်။ ပိုက်ဆံလည်း တောင်းလိမ့်မယ်။ သူက အာဆာကိုမထောက်ခံဘူးပေါ့။ မထောက်ခံဘူးဆိုတော့ သူတို့က အာဆာ က အဲလိုလူမျိုးတွေကို လုံးဝကို မကျေနပ်ဘူးလေ။ ဒါကြောင့် သတ်ပစ်တာ”ဟု ပြောသည်။

ဦးမာမတ်ရူရ်ကူရ်းကို သေနတ်ဖြင့်ပစ်သတ်ခြင်း မဟုတ်ဘဲ ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာသားများက ပြောဆိုသည်။

နောက်ထပ် ဒေသခံမွတ်ဆလင်တစ်ဦးက “သူ့မှာ သေနတ်ဒဏ်ရာတော့ မပါဘူး။ ဓားနဲ့ ထိုးသတ်ခံရတာ”ဟု ပြောသည်။

 

အသတ်ခံလိုက်ရသူ၏အလောင်းကို ယမန်နေ့ကနေ ဒေသခံများက သင်္ဂြိုလ်လိုက်ပြီဟု သိရသည်။

အာဆာအဖွဲ့သည် စစ်ကောင်စီတပ်နှင့် နားလည်မူ ရယူကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး စစ်တပ်က ၎င်းအဖွဲ့၏ လှုပ်ရှားမှုများအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သေခံများက ပြောဆိုသည်။

ယခုကဲ့သို့ ရပ်မိရပ်ဖတစ်ဦး အသတ်ခံလိုက်ရသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှု မြင့်တက်လျက် ရှိသည်ဟုလည်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူထားခြင်း ဖြစ်ပြီး  ယခုနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများပြုလုပ်လာနေ၍ ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာနေကြခြင်းဖြစ်သည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စခန်းချနေထိုင်ခြင်း၊ မွတ်ဆလင်ကျေးရွာများကို လက်နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင်စီးပွားရေးလုပ်ငန်းရှင်အချို့ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်တောင်းခံခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

(NN-16)

Photo by Asia Times

ဆက်စပ် သတင်းများ