ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR၏ စီမံအုပ်ချုပ်ရေးဆိုင်ရာလက်ထောက်မဟာမင်းကြီး
Raouf Mazou ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်၊
ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအား
သွားရောက် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
သူနှင့်အတူ အဖွဲ့ဝင်လေးဦး၊ UNHCR ရုံးမှ
ကိုယ်စားလှယ်ဖြစ်သည့် ဂျပန်နိုင်ငံသူ Mrs.Noriko Takagi အပါအဝင်သုံးဦးနှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးစီမံဌာန(နေပြည်တော်)မှ
ညွှန်ကြားရေးမှူး ဒေါ်သီရိမောင် အပါအဝင် သုံးဦးနှင့် ရခိုင်ပြည်နယ်ဘေးစီမံဌာနမှ ညွှန်ကြားရေးမှူး
ဦးသူရိန်ထွန်း တို့သည် ယမန်နေ့ နေ့လယ်က စစ်တွေမှတစ်ဆင့် ဘူးသီးတောင်မြို့သို့
သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် အဆိုပါရန်အောင်မြေစစ်ဘေးရှောင်စခန်းရှိ
ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်အခဲများကို UNHCR အဖွဲ့က
မေးမြန်းခဲ့ကြောင်း စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကျန်းမာရေးက ဒီလောက်ထိ အခက်အခဲမရှိဘူး။ စားဝတ်နေရေးကတော့
တစ်ခုကမှမထောက်ပံ့တာ တစ်နှစ်ကျော်လောက်ရှိနေပြီ။ အခက်အခဲဆုံးက စားဝတ်နေရေးပဲ။ ဒီလိုအခက်အခဲတွေ
ဖြစ်နေတာတွေကို ပြောလိုက်တယ်" ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းနေ ပြည်သူများမှ ၎င်းတို့၏ အခက်အခဲများကို
ပြောဆိုခဲ့ရာတွင် UNHCR အဖွဲ့တာဝန်ရှိသူများက
၎င်းတို့အနေဖြင့် ကြိုးစားပေးမည်ဟုသာ ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ရှိသူကပြောသည်။
"သူတို့ကတော့ ကြိုးစားပေးမယ်လို့တော့ပြောတယ်။ စခန်းအတွင်း
ရေကောင်း ရေသန့်၊ အိမ်သာတွေ၊ မီးတွေ၊ ဆိုလာမီးတွေလည်း အဆင်ပြေအောင် ကြိုးစားပေးမယ်
ပြောတယ်။ ဘာကြောင့် ကိုယ့်နေရပ်ကိုမပြန်တာလဲဆိုပြီးလည်း မေးခဲ့တယ်။
ကျနော်တို့မှာက အိမ်နဲ့ဝေးနေတာ ငါးနှစ်လောက်ရှိနေပြီ။ သဘာဝနဲ့ပျက်စီးတာတစ်မျိုး၊
မိုခါကြောင့်ပျက်စီးတာတစ်မျိုး။ ရွာကိုလည်း အစိုးရက သန့်ရှင်းရေးမလုပ်ပေးဘူး။
အိမ်တွေလည်း အကောင်းအတိုင်း ရှိမယ်မထင်တော့ဘူး။ ဒီလိုမျိုးတော့
ပြန်ပြောလိုက်တယ်" ဟု ပြောသည်။
အဆိုပါ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀၃ ဦးနှင့်
အိမ်ထောင်စု ၁၅၄ စုတို့နေထိုင်ကြပြီး မည်သည့်အဖွဲ့အစည်းကမှ စားဝတ်နေရေးအတွက်
မထောက်ပံ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီဖြစ်၍ အခက်အခဲများစွာဖြင့် ကိုယ်ထူကိုယ်ထ
ဖြေရှင်းနေရသည်ဟု ရန်အောင်စစ်ဘေးရှောင်စခန်းနေ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
"ကျနော်တို့စခန်းမှာ
ဘယ်ကမှအထောက်အပံ့မရဘူး။ ကိုယ်တိုင်ရှာကြံပြီး စားသောက်နေကြရတာပါ။
အဆင်ပြေရယ်လို့တော့ မရှိဘူး။ အချင်းချင်း လှည့်ပတ်ပြီး
အကူအညီပေးပြီးစားသောက်နေကြရပါတယ်။ အခုခေတ်မှာ ဈေးတစ်ခေါက်သွားရင်
ကျပ်နှစ်သောင်းကျော်လောက်က အနည်းဆုံးကုန်ကျနေပြီလေ။ အမျိုးသမီးတွေ
နေ့စားအလုပ်တွေလုပ်ရင် တစ်ရက်မှာရှစ်ထောင်၊ တစ်သောင်းရကြတယ်။
အမျိုးသားတွေဆိုရင်လည်း ချေးငှားပြီး နိုင်ငံခြားကိုထွက်ကြရတယ်"ဟုပြောသည်။
အဆိုပါရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ၏ အခက်အခဲများကို
ပြောဆို တင်ပြခဲ့သဖြင့် ၎င်းတို့၏အခက်အခဲများ ပြေလည်လာနိုင်မည်လောဟုလည်း
စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။
ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းလေးခုရှိသည့်အနက်
အဆိုပါ UNHCR နှင့်အဖွဲ့သည် ရန်အောင်မြေစစ်ဘေးရှောင်တစ်ခုတည်းသို့သာ
သွားရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ဓာတ်ပုံ - မေယုဟစ်တိုင်