တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 958

ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ် စကခ(၁၅)တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲ၍ အသက်ကြီးပိုင်းအရွယ် အမျိုးသမီး ၁ ဦးဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသည့် အမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ် စံညှင်း‌ဝေအုပ်စု၊ ကွမ်ဒိုင်ကျေးရွာ(ရခိုင်)ရွာမှ ဒေါ်အေးချမ်းမေ အသက် (၇၀)နှစ် ဖြစ်ပြီး လက်မောင်းတွင် ကျည်စဝင်သွားသည်ဟုသိရသည်။

ယနေ့ဇန်နဝါရီ ၅ ရက် နေ့လယ် ၂နာရီခန့်က ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၏ စကခ(၁၅) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်သည် ရွာတွင်ကျရောက်ပေါက်ကွဲ၍ ဒေါ်အေးချမ်းမေ ဒဏ်ရာရရှိသွားသည်ဟု ပြင်ရှည်ကျေးရွာဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ လက်နက်ကြီးကျည်က  ၂ကြိမ်ကျရောက်ခဲ့တယ်။ ပထမတစ်ကြိမ်က ၁နာရီခွဲ ၂ နာရီလောက်မှာ ကျတာ။ အဲ့ဒီပထမတစ်ကြိမ် ကျတဲ့လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးကြီးရဲ့  လက်မောင်းမှာ ဒဏ်ရာရသွားတယ်”ဟုပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေသဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှု ပိုများလာကြောင်းဒေသခံများကပြောသည်။

ဒဏ်ရာရှိသည့် အမျိုးသမီးကို ဘူးသီးတောင်မြို့ဆေးရုံကိုပို့ဆောင်နေပြီး ကျေးရွာသားများမှာ လက်နက်ကြီးကျည် ကျရောက်မည်ကိုထပ်မံကြောက်လန့်နေကြသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ ဘူးသီးတောင်မှာလည်း စံဂိုးထောင်ဖက်ကပစ်လိုက် တပ်မဖက်ကပစ်လိုက် စစ်တပ်ရှိတဲ့ နေရာတွေကလည်း အစုံပစ်နေတာ ပြည်သူတွေပြေးစရာမရှိတော့သလိုဖြစ်နေပြီ” ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ