တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စစ်ကောင်စီက အရပ်သား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်၊ဘူးသီးတောင်မြို့မှ အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်မှ ယနေ့ နံနက် အရုဏ်တက်ချိန်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့၊  ရွာမရပ်ကွက်မှ  ကိုထွန်းနိုင်စိုး(ခ)နိုင်နိုင် (၃၂)နှစ်၊ ကိုကျော်နိုင်စိုး(ခ) သားဘု ( ၂၇)နှစ်၊ ကိုမောင်စောညွှန့် (၂၈နှစ်) နှင့်ကို ဆင်ချေ အသက် (၂၂) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ရွာမရက်ကွက်တွင် ယနေ့ ဇန်နဝါရီ ၁၀ ရက် နံနက်အရုဏ်တက်အချိန် ၄ နာရီခန့်က ၎င်းတို့ ၄ ဦးကို ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု  ရွာမကျေးရွာမှ အမျိုးသမီးတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" အရင်ကလည်း ရွာထဲကိုဝင်ပြီးလူတွေကိုဖမ်းတာတွေရှိလို့ ရွာက ယောက်ျားတွေတောင် အိမ်မှာ မနေရဲကြလို့ အပြင်ထွက်အိပ်ကြတာကို အဲ့ဒီအိပ်တဲ့နေရာထိ လာပြီးဖမ်းတာပါ။ ရွာက ကျမ ယောက်ျားအပါအဝင် လေးယောက်ပါသွားတယ်" ဟုပြောသည်။

ဘူးသီးတောင် အခြေစိုက် စစ်ဗျူဟာကုန်းနှင့်တပ်မ ၂၂ တို့ပူးပေါင်း၍ ရွာမကျေးရွာမှ ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် ရွာသားများမှာ စိုးရိမ်မှုဖြင့် ညများကိုဖြတ်သန်းနေရသည်ဟု ရွာမကျေးရွာမှ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" အကြောင်းပြချက်မရှိ ရွာကိုဘယ်ချိန်လာလို့ လာဖမ်းမယ်မှန်းမသိတော့ ရွာသားတွေက စိုးရိမ်နေကြတာ အမှန်ပါပဲ။ သံသယနဲ့ဖမ်းတယ်။ သူတို့ အချုပ် မှာထားချင်သူထားပြီး ပြန်လွတ်တဲ့သူ ပြန်လွှတ်ပေးပါတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၇ရက်ကလည်း ရွာမကျေးရွာသား ၄ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်ကာ ပြန်လွတ်လိုက်သည်ဟု သိရသည်။

ဘူးသီးတောင်တွင်ရက္ခိုင့်တပ်တော်(အေအေ) နှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဆီးထားသူ ၁၃ ဦးအထိရှိလာပြီး ၉ ဦးကို ပုဒ်မ ၁၇(၁) (၂) နဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူထားသည်ဟု မြို့ခံများကပြောသည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဖြစ်ပွားနေသည့် ယခုလက်ရှိ တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ  ဖမ်းဆီးခံရသူ တစ်နေ့ထက် တစ်နေ့ပိုများလာနေသည်ဟု သိရသည်။ (NN-11)   

ဆက်စပ် သတင်းများ