သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင် ခရီးသည် (၃၁)ဦး သေဆုံးပြီး (၂၃၀)ကို ကယ်တင်နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.4k

နိရဉ္စရာ၊ မတ်၃၀/၂၀၂၃ (နိုင်ငံတကာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ကြာသပတေးနေ့က ခရီးသည်တင် ကူးတို့ သင်္ဘောတစ်စီး မီးလောင်ခဲ့ရာ ခရီးသည်(၃၁)ဦး သေဆုံးပြီး ၂၃၀ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

Lady Mary Joy (3) အမည်ရှိ ကူးတို့သင်္ဘောသည် မင်ဒါနာအိုကျွန်း ဇမ်ဘွန်ဂါမြို့မှ ဆူးလူးပြည်နယ်၊ ဂျိုလိုကျွန်းသို့အသွား ဗုဒ္ဓဟူးနေ့ ့်သန်းခေါင်ကျော်အချိန်တွင် မီးစွဲလောင်ခဲ့ရာ လူအချို့ သင်္ဘောပေါ်မှ ခုန်ချခဲ့သည်ဟု ဖိလစ်ပိုင် သဘာဝဘေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဘာစီလန်ပြည်နယ်၊ ဘလောက်ဘလောက်ကျွန်းအနီး ဖြစ်ပွါးခဲ့သော အဆိုပါ ကူးတို့သင်္ဘော မီးလောင်မှုကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်နှင့် ကယ်ဆယ်ရေးလုပ်သားတို့၏ ကြိုးပမ်းမှုကြောင့် ခရီးသည် (၁၉၅)ဦး နှင့် သင်္ဘောဝန်ထမ်း (၃၅)ဦး စုစုပေါင်း ၂၃၀ ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

သင်္ဘောအတွင်း နောက်ထပ်အလောင်း (၁၈)လောင်း ထပ်မံတွေ့ရှိရပြီးနောက် သေဆုံးသူအရေအတွက်မှာ နှစ်ဆတိုးသွားသည်ဟု ဘာစီလန်ပြည်နယ်အုပ်ချုပ်ရေးမှုး ဂျင်မ် ဆာလီမန်က ဆိုသည်။

မီးလောင်ကျွမ်းပြီးနောက် သင်္ဘောပေါ် တက်ရောက်စစ်ဆေးစဉ် လေအေးပေးစက်တပ်ထားသော အခန်းအတွင်း၌ သေဆုံးနေသူများကို ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

မီး လောင်ချိန်ဟာ ခရီးသည်တွေ အိပ်မောကျနေချိန်ဖြစ်လို့ လူတွေအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြတယ်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ တာဝန်ရှိသူတစ်ဦး မျက်မြင်သက်သေတချို့၏ တွေ့ရှိချက်ကို အခြေခံ၍ ပြောကြားခဲ့သည်။

မီးလောင်နေစဉ် သင်္ဘောကပ္ပတိန်သည် ကမ်းခြေသို့ သင်္ဘောကို အမြန်မောင်းနှင်ခဲ့၍ လူအများအပြား ရေကူးပြီး လွတ်မြောက်ခဲ့သည်ဟု ၄င်းက ဆိုသည်။

လူ(၇)ဦးပျောက်ဆုံးနေပြီး (၁၄)ဦးဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ ဆာလီမန်က ပျောက်ဆုံးနေသူ အများအပြားရှိနိုင်သေးကြောင်း၊ သင်္ဘောပေါ် လိုက်ပါလာသူစာရင်းမှာ (၂၀၅)ဦးဟုသာ ဖော်ပြသော်လည်း အမှန်တကယ်တွင် ထိုထက်မက များပြားကြောင်း ပြောကြားခဲ့သည်။

မည်သည့်အတွက်ကြောင့် မီးလောင်ကျွမ်းရသည်ကိုမူ မသိရှိရသေးဟု ဆိုသည်။

ကျွန်းပေါင်း(၇၀၀၀)ကျော်ရှိ ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်မှာ လျော့တိလျော့ရဲ စည်းကမ်းချက်များ၊ မတန်တဆ ခရီးသည် တင်ဆောင်မှုများနှင့် မကြာခဏ မတော်တဆဖြစ်မှုများဖြင့် ခေတ်နောက်ကျနေဆဲဖြစ်သည်ဟု သိရသည်။

NN-27

ref:Dhaka Tribune

ဆက်စပ် သတင်းများ